ဘန်ကောက်၊ ဖနွမ်းပင်၊ ဒီဇင်ဘာ ၉

အငြင်းပွားနေတဲ့ နှစ်နိုင်ငံ နယ်စပ်မှာ တိုက်ပွဲတွေ တကျော့ပြန် ဖြစ်ပွားခဲ့ပြီးနောက် ထိုင်းနဲ့ ကမ္ဘောဒီးယားအနေနဲ့ အပစ်အခတ်ရပ်စဲရေး သူတို့ရဲ့ ကတိတွေကို အပြည့်အဝ အလေးထားကြလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က မျှော်လင့်ကြောင်း အကြီးတန်း အစိုးရ အရာရှိတစ်ဦးက ဒီဇင်ဘာ ၈ ရက်မှာ ပြောလိုက်ပါတယ်။

ကမ္ဘောဒီးယား စစ်တပ်ရဲ့ တိုက်ခိုက်ရေး စွမ်းပကား အားလျော့သွားစေရေး ဒီဇင်ဘာ ၈ ရက်က မိမိတို့ တိုက်လေယာဉ်တွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထိုင်းက ပြောပါတယ်။

ထိုင်းနဲ့ ကမ္ဘောဒီးယားတို့ဟာ အခုနှစ် စောစောပိုင်းက သမ္မတ ထရန့်၊ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်တို့ရဲ့ ကြားဝင် ညှိနှိုင်းပေးမှုနဲ့ ကွာလာလမ်ပူမှာ အပစ်အခတ်ရပ်စဲရေး သဘောညီမှု တစ်ရပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဒီဇင်ဘာ ၈ ရက် ညပိုင်းမှာ တိုက်ခိုက်မှုတွေ ဆက်လက်ဖြစ်ပွားခဲ့ပြီး အာရုံတက် မတိုင်ခင်အထိ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

စတင်တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ နှစ်နိုင်ငံ အပြန်အလှန် စွပ်စွဲနေကြပြီး တခြား ဒေသတွေဆီကိုလည်း ပျံ့နှံ့သွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း ထိုင်းစစ်သား တစ်ဦးနဲ့ ကမ္ဘောဒီးယား အရပ်သား လေးဦး သေဆုံးကြောင်း အရာရှိတွေက ပြောပါတယ်။

ထိုင်းက လူမဆန်တဲ့ အပြုအမူတွေနဲ့ ရန်စလာခဲ့ပေမယ့် မိမိတို့က လက်စားချေမှု မပြုလုပ်ခဲ့ဘူးလို့ ကမ္ဘောဒီးယားက ပြောပါတယ်။

အိမ်နီးချင်း ကမ္ဘောဒီးယားက လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ရေး တပ်ဖွဲ့တွေကို စုစည်းနေချိန်မှာ ထိုင်း တိုက်လေယာဉ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ဖနွမ်းပင် အရာရှိတွေက ပြောထားပါတယ်။

ကမ္ဘောဒီးယားရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေ အားလျော့သွားစေရေး ရည်ရွယ် တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မိမိတို့ရဲ့ မျိုးဆက်သစ် ကလေးတွေ ဘေးကင်းရေးအတွက် တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာ ဖြစ်တယ်လို့ ထိုင်းစစ်ဦးစီးချုပ် ဗိုလ်ချုပ် ချိုင်ပရောက်က တုံ့ပြန်ပါတယ်။

ဇူလိုင်က နှစ်နိုင်ငံကြား လက်နက်ကြီးတွေ ဒုံးကျည်တွေနဲ့ တိုက်ခိုက်ခဲ့တဲ့ ငါးရက်ကြာ တိုက်ခိုက်မှုတွေ နောက်ပိုင်း အခုဖြစ်ပွားတဲ့ တိုက်ပွဲတွေဟာ အပြင်းထန်ဆုံး ဖြစ်ပါတယ်။

ကမ္ဘောဒီးယားက အသစ်စက်စက် ထောင်ထားတဲ့ မြေမြှုပ်မိုင်းကြောင့် ထိုင်းစစ်သား တစ်ဦး ဒဏ်ရာရရှိခဲ့ပြီးနောက် ထိုင်းက တင်းမာမှု အရှိန်လျှော့ချရေး အစီအစဉ်တွေ အကောင်အထည်ဖော်မှုကို ရပ်တန့်ခဲ့ပါတယ်။

အဲဒီနောက်ပိုင်း တင်းမာမှုတွေ တအုံနွေးနွေး ဖြစ်လာခဲ့ပြီး ဇူလိုင်လနောက်ပိုင်း နှစ်နိုင်ငံ နယ်စပ်မှာ မြေမြှုပ်မိုင်းကြောင့် ထိုင်းစစ်သား ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ ပါတယ်။

ထိုင်းစစ်တပ်က ဖော်ပြတဲ့ အချက်အလက်တွေကို ပညာရှင်တွေက လေ့လာရာမှာ အဲဒီမြေမြှုပ်မိုင်းတွေဟာ အသစ်စက်စက် ထောင်ထားတာ ဖြစ်နိုင်တယ်ဆိုတဲ့ သုံးသပ်ချက် ထွက်ပေါ်လာခဲ့ပါတယ်။

ကမ္ဘောဒီးယားက သူတို့ ထောင်ထားတဲ့ မိုင်းတွေ မဟုတ်ဘူးလို့ ငြင်းဆိုခဲ့ပြီး ထိုင်းက ကမ္ဘောဒီးယား ပြန်တောင်းပန်မှ တင်းမာမှု လျှော့ချရေး အစီအစဉ်တွေ ပြန်စတင်မယ်လို့ ပြောထားပါတယ်။

မိမိတို့ရဲ့ နယ်နိမိတ်ဆိုင်ရာ ဂုဏ်သိက္ခာကို ကာကွယ်ရေး လိုအပ်တာ မှန်သမျှ အားလုံး လုပ်ဆောင်သွားမှာ ဖြစ်ပြီး ကမ္ဘောဒီးယားနဲ့ ဆွေးနွေးမှာ မဟုတ်ဘူးလို့ ထိုင်းဝန်ကြီးချုပ် အနုတင်က ပြောထား ပါတယ်။

ဘာဆွေးနွေးမှုမှ ရှိမှာ မဟုတ်ပါဘူး။ တိုက်ခိုက်မှုတွေ ရပ်တန့်ဖို့ ဆိုရင် ကမ္ဘောဒီးယားက ထိုင်းစီစဉ်ထားတဲ့အတိုင်း လိုက်နာ လုပ်ဆောင်ရမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် အနုတင်က ပြောပါတယ်။

ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးကတော့ မိမိတို့ တပ်တွေ စတင်တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပြီး အပစ်အခတ်ရပ်စဲရေး ဆက်လက် ကတိပြုထားသလို လက်တုံ့ပြန်မှာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.