ဝါရှင်တန်၊ ဒီဇင်ဘာ ၈

ပြီးခဲ့တဲ့ မတ် ၂၈ ရက်မှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်ရဲ့ ရိုက်ခတ်မှုတွေလက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်ရဲ့ စိန်ခေါ်မှုတွေ ရှီနေပေမယ့်လည်း မြန်မာ့ စီးပွားရေး ပြန်တိုးတက်လာမယ့် လက္ခဏာ တချို့ ရှိနေပြီး လာမယ့် ဘဏ္ဍာရေး နှစ်အတွင်း အသားတင် ပြည်တွင်း ထုတ်ကုန်တန်ဖိုး GDP ၃ ရာခိုင်နှုန်း ပြန်လည် တိုးတက်လာနိုင်တယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းကြောင်း ဒီဇင်ဘာ ၇ ရက်မှာ ပြောပါတယ်။

စီးပွားရေး ဖွံ့ဖြိုးမှု ပြန်လည် ဦးမော့လာမယ်လို့ ခန့်မှန်းရတာက ငလျင်ဘေး အလွန် ပြန်လည် တည်ဆောက်ရေးနဲ့ အများဆုံး ထိခိုက်ရာ ဒေသတွေအတွက် ရည်ရွယ်တဲ့ အကူအညီတွေ ဆက်လက် ပေးပို့မှုတို့ရဲ့ မောင်းနှင်အားကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

စီးပွားရေး ပြန်နလန်ထလာမယ့် အဲဒီ စောစောပိုင်းလက္ခဏာတွေက အားတက်စရာ ကောင်းပါတယ်လို့ ထိုင်းနဲ့ မြန်မာနိုင်ငံဆိုင်ရာ ကမ္ဘာ့ဘဏ် ဌာနခွဲ ညွှန်ကြားရေးမှူး မီလင်ဒါ ဂွတ်ခ်က ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါပေမဲ့ မြန်မာ့စီးပွားရေးဟာ အကန့်အသတ်တွေရှိနေတဲ့ ပြန်လည် တည်ဆောက်ရေး ဘဏ္ဍာငွေ ထောက်ပံ့ပေးနိုင်မှု၊ လက်ရှိ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်နဲ့ မလုံခြုံမှုနဲ့ ယုံကြည်စိတ်ချလို့မရတဲ့ လျှပ်စစ်ဓာတ်အား ပေးဝေမှုတို့ အပါအဝင် စိုးရိမ်စရာကောင်းတဲ့ အတားအဆီးတွေနဲ့ ဆက်လက် ရင်ဆိုင်နေရတုန်းပဲလို့ သူက ပြောပါတယ်။

အဲဒီ အစီရင်ခံစာနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ ရိုက်တာသတင်းဌာနက နေပြည်တော်ရှိ စစ်ကော်မရှင် ပြောရေးဆိုခွင့်ရှိသူဆီ ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ သိရပါတယ်။

နိုင်ငံ့လူဦးရေရဲ့ ၃၁ ရာခိုင်နှုန်း ဒါမှမဟုတ် လူပေါင်း ၁၇ သန်းကျော်အပေါ် ရိုက်ခတ်မှုတွေ ရှိခဲ့တဲ့ မတ်လက ကြီးမားတဲ့ ငလျင် လှုပ်ခတ်မှုပြီးနောက် မတ်လမှာ အဆုံးသတ်မယ့် လက်ရှိ ဘဏ္ဍာရေး နှစ်အတွက် မြန်မာ့ စီးပွားရေး ၂ ဒသမ ၅ ရာခိုင်နှုန်း အားနည်းသွားလိမ့်မယ်လို့ ကမ္ဘာ့ဘဏ်က ဇွန်လအတွင်း ခန့်မှန်းခဲ့တာပါ။

ရစ်ချ်တာစကေး ၇ ဒသမ ၇ အဆင့်ရှိ ငလျင် လှုပ်ခတ်မှုကြောင့် အခြေခံ အဆောက်အဦတွေနဲ့ အိုးအိမ်တိုက်တာတွေ ပျက်စီးမှု တန်ဖိုးဟာ ကန်ဒေါ်လာ ၁၁ ဘီလီယံ တနည်းအားဖြသ့် နိုင်ငံ့ GDP ရဲ့ ၁၄ ရာခိုင်နှုန်း ရှိတယ်လို့ ကနဦး ခန့်မှန်းရကြောင်း ကမ္ဘာ့ဘဏ်က ပြောထားပါတယ်။

နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရကို ဖြုတ်ချပြီး စစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီက အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း မြန်မာနိုင်ငံမှာ ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်ပွားနေပြီး ပြည်တွင်းစစ် ပြင်းထန်နေပါတယ်။

ဒီဇင်ဘာ ၂၈ ရက်ကနေ စတင်ပြီး ၂၀၂၆ ဇန်နဝါရီအထိ စစ်ခေါင်းဆောင်တွေက ရွေးကောက်ပွဲ ကျင်းပဖို့ စီစဉ်ထားပါတယ်။

လူ့အခွင့်အရေး အဖွဲ့တွေနဲ့ အနောက်နိုင်ငံ တချို့က ရွေးကောက်ပွဲဟာ စစ်ဗိုလ်ချုပ်တွေ နိုင်ငံကို ဆက်လက် ထိန်းချုပ်နိုင်ရေး ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောဆို ရှုတ်ချထားကြပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.