ဝါရှင်တန်၊ ဒီဇင်ဘာ ၈
အမေရိကန် လွှတ်တော်အမတ်တွေ ဒီဇင်ဘာ ၇ ရက်မှာ မိတ်ဆက်လိုက်တဲ့ နှစ်စဉ် ကာကွယ်ရေး မူဝါဒဆိုင်ရာ ဥပဒေကြမ်းက လာမယ့်နှစ်အတွက် အမျိုးသား လုံခြုံရေး အသုံးစရိတ် ဒေါ်လာ ၉၀၁ ဘီလီယံ စံချိန်တင် သုံးစွဲခွင့်ပြုရေး တောင်းဆိုထားပြီး သမ္မတ ဒေါ်နယ် ထရန့် တောင်းဆိုထားတဲ့ ပမာဏထက် ဘီလီယံပေါင်းများစွာ ပိုများနေသလို ယူကရိန်းသို့ စစ်ရေးအကူအညီ ဒေါ်လာ သန်း ၄၀၀ ပေးပို့မယ့် အစီအစဉ်လည်း ပါဝင်နေပါတယ်။
စာမျက်နှာ ၃၀၀၀ ပါရှိတဲ့ အဲဒီ ဥပဒေကြမ်းမှာ စာရင်းဝင် စစ်သားတွေအတွက် လစာ ၄ ရာခိုင်နှုန်း တိုးမြှင့်မှု ပါဝင်နေပေမယ့် အပြီးသတ်ဥပဒေကြမ်းမှာ ပါဝင်လိမ်မယ်လို့ လွှတ်တော်အမတ် တချို့ မျှော်လင့်ထားခဲ့တဲ့ အိမ်ရာဆောက်လုပ်ရေး လွှတ်တော်နှစ်ရပ်စလုံးရဲ့ ကြိုးပမ်းမှုကိုတော့ ချန်လှပ်ထားခဲ့ပါတယ်။

လူဝီစီးယားနားပြည်နယ် ရီပက်ဘလေကန်အမတ် အောက်လွှတ်တော် ဥက္ကဋ္ဌ မိုက်ဂျွန်ဆင်က အဲဒီ ဥပဒေကြမ်းကြောင့် နယ်စပ်လုံခြုံရေး အားကောင်းလာမှာ ဖြစ်သလို ကာကွယ်ရေး လုပ်ငန်းနယ်ပယ်လည်း တိုးတက်လာမှာ ဖြစ်ပြီး ထရန့်ရဲ့ အစီအစဉ်တွေကို တိုးတက် မြန်ဆန်စေလိမ့်မယ်လို့ ပြောထားပါတယ်။
အဲဒီ အစီအစဉ်ဟာ အခုနှစ် စောစောပိုင်းက ထရန့်ရဲ့ ရီပက်ဘလေကန် အပေါင်းအပါတွေပဲ ထိန်းချုပ်ထားတဲ့ လွှတ်တော် နှစ်ရပ်စလုံးက အတည်ပြုခဲ့တဲ့ အမျိုးသားကာကွယ်ရေး လုပ်ပိုင်ခွင့် အက်ဥပဒေရဲ့ မူကွဲတွေကြား ညှိနှိုင်းထားတဲ့ အစီအစဉ် ဖြစ်ပါတယ်။
၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အမျိုးသား ကာကွယ်ရေးအသုံးစရိတ် ဒေါ်လာ ၈၉၂ ဒသမ ၆ ဘီလီယံ ခွင့်ပြုပေးဖို့ ထရန့်က မေလအတွင်း လွှတ်တော်သို့ တောင်းဆိုခဲ့ပါတယ်။

အဲဒီ အသုံးစရိတ်တွေမှာ ကာကွယ်ရေးဝန်ကြီးဌာနအတွက် ရန်ပုံငွေတွေအပြင် တခြား အေဂျင်စီတွေနဲ့ လုံခြုံရေးနဲ့ ကာကွယ်ရေးဆိုင်ရာ စီမံကိန်းတွေအတွက် ရန်ပုံငွေတွေလည်း ပါဝင်ပါတယ်။
အောက်လွှတ်တော်ဥပဒေကြမ်းက အသုံးစရိတ်ကို အဲဒီ ပမာဏ သတ်မှတ်ခဲ့ပေမယ့် အထက်လွှတ်တော်က ဒေါ်လာ ၉၂၅ ဘီလီယံ ခွင့်ပြုခဲ့ပါတယ်။
အမျိုးသား ကာကွယ်ရေး အခွင့်အာဏာဆိုင်ရာ အက်ဥပဒေက ပင်တဂွန်ရဲ့ စီမံကိန်းတွေကို လုပ်ပိုင်ခွင့်ပြုပေမယ့် အဲဒါတွေအတွက် ရန်ပုံငွေ ထောက်ပံ့မှုတော့ မရှိပါဘူး။
၂၀၂၆ ခုနှစ် စက်တင်ဘာမှာ အဆုံးသတ်မယ့် ဘဏ္ဍာရေးနှစ်အတွက် အသုံးစရိတ် ဥပဒေကြမ်းကို လွှတ်တော်က သီးခြား အတည်ပြုရမှာ ဖြစ်ပါတယ်။
အဲဒီလို ဥပဒေကြမ်းမျိုးဟာ ဒီမိုကရက် လွှတ်တော်အမတ်တွေနဲ့ ရီပက်ဘလေကန် လွှတ်တော် အမတ်တွေကြား သီတင်းပတ်များစွာကြာ တံခါးပိတ် ညှိနှိုင်းပြီးမှ ထွက်ပေါ်လာလေ့ ရှိပေမယ့် ဒီနှစ် ဥပဒေကြမ်းကတော့ ရီပက်ဘလေကန်ပါတီနဲ့ပဲ ပိုသက်ဆိုင်နေပုံရပါတယ်။
Ref: Reuters

