ဂျေရုစလင်၊ ဒီဇင်ဘာ ၈
အကျင့်ပျက်ခြစားမှုနဲ့ နှစ်များစွာကြာ ရင်ဆိုင်နေရာတဲ့ အမှုအတွင်း သမ္မတက ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးခဲ့မယ်ဆိုရင်လည်း မိမိအနေနဲ့ နိုင်ငံရေးက နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ဒီဇင်ဘာ ၇ ရက်မှာ ပြောလိုက်ပါတယ်။
ပြစ်ဒဏ် ကင်းလွတ်ခွင့် ရရှိရင် နိုင်ငံရေး လောကကနေ အနားယူသွားမှာလားလို့ သတင်းထောက် တစ်ယောက်က မေးမြန်းချိန်မှာ ဝန်ကြီးချုပ် နေတန်ညာဟုက အနားမယူဘူးလို့ ဖြေကြားခဲ့တာပါ။

နေတန်ညာဟု အနေနဲ့ တရားရုံးကို မကြာခဏ သွားရောက်နေရတာကြောင့် သူ့ရဲ့ အုပ်ချုပ်ရေး စွမ်းရည်ကို ထိခိုက်စေတာကြောင့် ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးတာက နိုင်ငံအတွက် ကောင်းလိမ့်မယ်လို့ သူ့ရဲ့ ရှေ့နေတွေက စောဒကတက်ပြီး သူကိုယ်တိုင်က ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးရေး ပြီးခဲ့တဲ့လက အစ္စရေးသမ္မတ အီဆတ် ဟာဇော့ဆီ တောင်းဆိုခဲ့ပါတယ်။
အစ္စရေးမှာ တရားဥပဒေဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေ အားလုံး ပြီးဆုံးပြီး စွပ်စွဲခံရသူတွေ ပြစ်မှု ထင်ရှားပြီးမှပဲ ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးလေ့ရှိပါတယ်။

အမှုရင်ဆိုင်နေရသူ တစ်ယောက်ယောက်ကို ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးတဲ့ ဖြစ်ရပ်မျိုး အရင်က တစ်ခါမှ မရှိခဲ့ဖူးပါဘူး။
လာဘ်ပေးလာဘ်ယူမှု၊ လိမ်လည်မှု၊ ယုံကြည်မှု အလွဲသုံစားလုပ်မှု စွပ်စွဲချက်တွေ အားလုံးကို နေတန်ညာဟုက ပယ်ချထားပြီး ဥပဒေဆိုင်ရာ လုပ်ထုံးထုပ်နည်းတွေ အားလုံး ပြီးဆုံးလို့ရှိရင်လည်း ဝန်ကြီးချုပ်အနေနဲ့ တရားသေ လွတ်မြောက်မယ်လို့ ယုံကြည်ထားကြောင်း သူ့ရဲ့ ရှေ့နေတွေက ပြောဆိုထားပါတယ်။
နေတန်ညာဟုကိုယ်တိုင် သူ့ကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးဖို့ မတောင်းဆိုခင် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က သမ္မတ ဟာဇော့ဆီကို စာရေးပြီး သူ့ကို ပြစ်ဒဏ် ကင်းလွတ်ခွင့်ပြုပေးဖို့ တိုက်တွန်းထားခဲ့ပါတယ်။
နေတန်ညာဟုအနေနဲ့ နိုင်ငံရေး လောကက အနားယူပြီး သူ့မှာ အပြစ်ရှိကြောင်း ဝန်ခံတဲ့ အခြေအနေအပေါ် မူတည်ပြီးတော့မှ ပြစ်ဒဏ် ကင်းလွတ်ခွင့် ပေးသင့်တယ်လို့ အစ္စရေး အတိုက်အခံ နိုင်ငံရေးသမား တချို့က စောဒက တက်ထားပါတယ်။
ဂျေရုစလင်မှာ ဂျာမနီ အဓိပတိ ဖရက်ဒရစ် မာ့ဇ်နဲ့ ပူးတွဲပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဝန်ကြီးချုပ် နေတန်ညာဟုက မိမိအနေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ရရှိဖို့ အပေးအယူအနေနဲ့ နိုင်ငံရေးကနေ နုတ်ထွက်သွားမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့တာပါ။
သမ္မတဆီက ပြစ်ဒဏ်ကင်းလွတ်ခွင့် တောင်းဆိုခဲ့ပြီးနောက် နေတန်ညာဟု အနေနဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိရေး အပေးအယူအဖြစ် နိုင်ငံရေးကို ကျောခိုင်းတော့မယ်ဆိုတဲ့ ပြောဆိုမှုတွေ အစ္စရေးမှာ ပျံ့နှံ့နေပါတယ်။
မိမိရဲ့ နိုင်ငံရေးသမားဘဝ အနာဂတ်ကို မဲပေးသူတွေက စိုးရိမ်နေကြပြီး သူတို့ကပဲ ဆုံးဖြတ်ကြလိမ့်မယ်လို့ နေတန်ညာဟုက ဖြည့်စွက် ပြောပါတယ်။
တခြား နိုင်ငံရေးသမားတွေကတော့ နေတန်ညာဟုအနေနဲ့ ၂၀၂၆ အောက်တိုဘာမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို အရင်ဦးဆုံး ကျင်းပပေးသင့်တယ်လို့ ပြောဆိုထားပါတယ်။
ဟားမာ့စ်အဖွဲ့နဲ့ ဖြစ်ပွားခဲ့တဲ့ ဂါဇာ စစ်ပွဲနဲ့ ပတ်သက်လို့လည်း နေတန်ညာဟုဟာ စစ်ရာဇဝတ်မှု စွဲချက်တွေအပြင် ပြည်တွင်းမှာရော ပြည်ပမှာပါ ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။
ဟားမာ့စ်အဖွဲ့နဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု မရခင်က ဓားစာခံတွေ လွတ်မြောက်ရေးနဲ့ ပတ်သက်လို့ နေတန်ညာဟု ရာထူးက နုတ်ထွက်ပေးဖို့ ဆန္ဒပြ တောင်းဆိုမှုတွေလည်း ရှိခဲ့ပါတယ်။
Ref:Reuters

