ဘန်ကောက်၊ ဒီဇင်ဘာ ၈

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် ကြားဝင် ညှိနှိုင်းပေးခဲ့တဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ချိုးဖောက်တယ်လို့ နှစ်နိုင်ငံ အပြန်အလှန် စွပ်စွဲခဲ့ကြပြီးနောက် ကမ္ဘောဒီးယားနဲ့ အငြင်းပွားနေတဲ့ နယ်စပ်တလျှောက်မှာ လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ထိုင်းစစ်တပ်က ဒီဇင်ဘာ ၈ ရက်မှာ ပြောပါတယ်။

ကမ္ဘောဒီးယားက စတင် ပစ်ခတ်ပြီးနောက် အရှေ့ဖက်စွန်း အူဘွန် ရတ်ချာသာနီ ပြည်နယ်ရှိ ဒေသနှစ်ခုမှာ ဖြစ်ပွားခဲ့တဲ့ လောလောလတ်လတ် တိုက်ပွဲတွေအတွင်း ထိုင်းစစ်သား တစ်ဦး သေဆုံးပြီး တခြားလေးဦး ဒဏ်ရာရရှိခဲ့တယ်လို့ ထိုင်းစစ်တပ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အခုတော့ ဒေသ တချို့မှာ ရှိတဲ့ စစ်ရေး ပစ်မှတ်တွေကို တိုက်ခိုက်ဖို့ ထိုင်းဖက်က လေယာဉ်တွေ စပြီး အသုံးပြုနေပါပြီလို့ အဲဒီ ကြေညာချက်မှာ ရေးပါတယ်။

ထိုင်းစစ်တပ်ဘက်က ရက်အတော်ကြာ ရန်စမှုတွေ ပြုလုပ်ခဲ့ပြီးနောက် နေရာနှစ်ခုရှိ မိမိတို့ တပ်ဖွဲ့တွေကို ထိုင်းစစ်တပ်က အာရုံတက်ချိန်မှာ စတင် တိုက်ခိုက်ခဲ့တာ ဖြစ်တယ်လို့ ကမ္ဘောဒီးယား ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာ ဖော်ပြထားပြီး ကမ္ဘောဒီးယား စစ်သားတွေက လက်စားပြန်မချေခဲ့ဘူးလို့ ဆိုပါတယ်။

ထိုင်းဖက်ခြမ်း အရပ်သားတွေ နေထိုင်ရာ ဒေသတွေကို ကမ္ဘောဒီးယား စစ်တပ်က BM-21 ဒုံးကျည်တွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး လူတွေ ထိခိုက်သေဆုံးမှု မရှိဘူးလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

နယ်စပ် အငြင်းပွားမှုကြောင့် ဇူလိုင်လက နှစ်နိုင်ငံကြား ၅ ရက်ကြာ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး အောက်တိုဘာလက ကွာလာလမ်ပူမြို့မှာ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အေဘရာဟင်နဲ့ ထရန့်ကို သက်သေထားပြီး နှစ်နိုင်ငံ အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။

ဇူလိုင်လက တိုက်ပွဲတွေ ဖြစ်ပွားချိန်မှာ လူ ၄၈ ဦးထက် မနည်း သေဆုံးခဲ့ပြီး လူသုံးသိန်းကျော် ယာယီ စစ်ဘေးရှောင်ခဲ့ရပါတယ်။

အဲဒီ တိုက်ခိုက်မှုတွေအတွင်း အိမ်နီးချင်း နှစ်နိုင်ငံဟာ ဒုံးကျည်တွေ လက်နက်ကြီးတွေနဲ့ အပြန်အလှန် တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့လက မြေမြှုပ်မိုင်း ပေါက်ကွဲပြီး ထိုင်းစစ်သား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီးနောက် ထိုင်းက ကမ္ဘောဒီးယားနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု အကောင်အထည်ဖော်မှုကို ရပ်ဆိုင်းလိုက်ပြီလို့ ပြောကြားခဲ့ပါတယ်။

လက်ရှိ ဝန်ကြီးချုပ် ဟွန်မာနက်ရဲ့ ဖခင် ကမ္ဘောဒီးယားရဲ့ သြဇာကြီးမားတဲ့ ကာလရှည် ခေါင်းဆောင် ဟွန်ဆန်က ထိုင်းစစ်တပ်ဟာ လက်စားချေဖို့ ကြိုးစားရင်း ရန်စခဲ့တာ ဖြစ်တယ်လို့ ပြောကြားပြီး ကမ္ဘောဒီးယား တပ်ဖွဲ့တွေ အနေနဲ့ ထိန်းထိန်းသိမ်းသိမ်း တုံ့ပြန်ကြဖို့ တိုက်တွန်းထားပါတယ်။

တုံ့ပြန်ဖို့အတွက် အနီရောင်စည်း တစ်ခု သတ်မှတ်ထားပါတယ်။ အရာရှိတွေနဲ့ စစ်သားတွေကို သင့်တော်သလို ပညာပေးဖို့ ရာထူး အဆင့်အားလုံးက တပ်မှူးတွေကို ကျွန်တော် တိုက်တွန်းပါတယ်လို့ ဟွန်ဆန်က သူ့ရဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ ရေးပါတယ်။

ဒေသ လေးခုရှိ အရပ်သား ၃၈၅၀၀၀ ကို ဘေးကင်းရာ ပြောင်းရွှေ့ထားပြီး လူပေါင်း ၃၅၀၀၀ ကျော်ဟာ ယာယီ ခိုလှုံရာနေရာတွေဆီ ရောက်ရှိနေကြပြီ ဖြစ်တယ်လို့ ထိုင်း စစ်တပ်က ပြောပါတယ်။

ပြင်သစ်က ကမ္ဘောဒီးယားကို ကိုလိုနီအဖြစ် အုပ်စိုးခဲ့ချိန်က ပထမဆုံး ရေးဆွဲခဲ့တဲ့ မြေပုံအရ ၅၀၈ မိုင် ရှည်တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ်မှာ အချုပ်အခြာ အာဏာပိုင်ဆိုင်မှု အငြင်းပွားနေကြတာဟာ ရာစုနှစ် တစ်စုလောက် ကြာပြီ ဖြစ်ပါတယ်။

တအုံနွေးနွေး ဖြစ်နေတဲ့ တင်းမာမှုတွေကြောင့် ရံဖန်ရံခါ ဆိုသလို ပဋိပက္ခ ဖြစ်ပွားခဲ့ပြီး သူပိုင် ငါပိုင် ပြောဆိုမှုတွေနဲ့ ပတ်သက်လို့ ငြိမ်းချမ်းစွာ ဖြေရှင်းရေး ကြိုးပမ်းမှုတွေ ရှိပေမယ့် ၂၀၁၁ ခုနှစ်ကလည်း သီတင်းတစ်ပတ်ကြာ လက်နက်ကြီးတွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။
Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.