ဝါရှင်တန်၊ ဒီဇင်ဘာ ၆
ထောက်လှမ်းရေးကနေ ဒုံးကျည်တွေအထိ နေတိုးအဖွဲ့ရဲ့သမားရိုးကျ ကာကွယ်ရေး စွမ်းဆောင်မှုတွေကို ၂၀၂၇ ခုနှစ် မတိုင်ခင် ဥရောပ တာဝန်လွှဲပြောင်းယူပေးဖို့ အမေရိကန်က လိုလားကြောင်း ပင်တဂွန် အရာရှိတွေက အခုသီတင်းပတ်အတွင်း ဝါရှင်တန်မှာ သံတမန်တွေကို ပြောလိုက်ပါတယ်။
ဒါက တင်းကြပ်တဲ့ နောက်ဆုံး သတ်မှတ်ချိန် ဖြစ်တာကြောင့် လက်တွေ့မဆန်ဘူးလို့ ဥရောပ အရာရှိ တချို့က ဆိုပါတယ်။

အမေရိကန် အရာရှိ တစ်ဦး အပါအဝင် အဲဒီ ဆွေးနွေးမှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် ၅ ခုက ပြန်ပြောပြတဲ့ သတင်းစကားကို ဥရောပ ကိုယ်စားလှယ်တွေနဲ့ နေတိုးအဖွဲ့ဆိုင်ရာ မူဝါဒတွေကို ကြီးကြပ်နေတဲ့ ပင်တဂွန်အရာရှိတွေကြား အခု သီတင်းပတ် ဝါရှင်တန်မှာ ပြုလုပ်ခဲ့တဲ့ အစည်းအဝေး တစ်ရပ်အတွင်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
စစ်ပွဲအလွန် နေတိုး မဟာမိတ်အဖွဲ့ တည်ထောင်သူ နိုင်ငံတွေထဲက တစ်နိုင်ငံ ဖြစ်တဲ့ အမေရိကန်ဆီကနေ ဒီဝန်ထုပ်ဝန်ပိုးကို နေတိုးအဖွဲ့ဝင် ဥရောပနိုင်ငံတွေဆီ လွှဲပြောင်းမှုက ဝါရှင်တန်နဲ့ သူ့ရဲ့ အရေးအပါဆုံး စစ်ရေး လက်တွဲဖော်တွေတွေ အလုပ်လုပ်ပုံကို သိသိသာသာ ပြောင်းလဲသွားစေမှာ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်း ရုရှားက ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ပြီး နောက်ပိုင်း ဥရောပ နိုင်ငံတွေက သူတို့ရဲ့ ကာကွယ်ရေး စွမ်းပကား အားကောင်းအောင် လုပ်ဆောင်မှုတွေနဲ့ ပတ်သက်လို့ ဝါရှင်တန်က စိတ်ကျေနပ်မှု မရှိသေးကြောင်း အဲဒီ အစည်းအဝေးအတွင်း ပင်တဂွန် အရာရှိတွေက ပြောကြားခဲ့တာပါ။
ဥရောပအနေနဲ့ နောက်ဆုံး သတ်မှတ်ချိန် ၂၀၂၇ မတိုင်ခင် သတ်မှတ်ချက်တွေအတိုင်း ပြည့်စုံအောင် မလုပ်ဆောင်ဘူးဆိုရင် နေတိုး ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် တချို့မှာ အမေရိကန် ပါဝင်မှုကို ရပ်တန့်ကောင်း ရပ်တန့်ရလိမ့်မယ်လို့ အမေရိကန် အရာရှိတွေက ဥရောပ အရာရှိတွေကို ပြောကြားခဲ့ကြောင်း အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ဥရောပသို့ ပင်တဂွန် ပေးခဲ့တဲ့ သတင်းစကားကို အမေရိကန် လွှတ်တော်ရှိ အရာရှိ တချို့က သတိပြုမိပြီး စိုးရိမ်နေကြကြောင်း အမေရိကန် အရာရှိ တစ်ဦးက ပြောပါတယ်။
နေတိုးအဖွဲ့ရဲ့ သမားရိုးကျ ကာကွယ်ရေး စွမ်းပကားတွေမှာ နျူကလီးယား မဟုတ်တဲ့ လက်နက်တွေကနေ တပ်ဖွဲ့ဝင်တွေနဲ့ တခြား လက်နက်တွေ ပါဝင်နေပြီး ဒီဝန်ထုပ်ဝန်ပိုး အများစုကို ဥရောပက ဘယ်လောက် လွှဲပြောင်းရယူထားပြီး ဖြစ်ကြောင်း အမေရိကန်က ဘယ်လို တိုင်းတာမလဲ ဆိုတာကို အရာရှိတွေက ရှင်းလင်း ပြောဆိုသွားတာ မရှိဘူးလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
၂၀၂၇ ခုနှစ် နောက်ဆုံး တာဝန်လွှဲပြောင်းယူရမယ် ဆိုတဲ့ သတ်မှတ်ချက်ဟာ ထရန့် အစိုးရရဲ့ သဘောထား ရပ်တည်ချက်လား ဒါမှမဟုတ် ပင်တဂွန် အရာရှိတချို့ရဲ့ သဘောထားလောက်ပဲလားဆိုတာကိုလည်း ရှင်းရှင်းလင်းလင်း မသိရပါဘူး။
ဥရောပမှာ အမေရိကန် စစ်ရေးအရ ပါဝင်သင့်တဲ့ အခန်းကဏ္ဍနဲ့ ပတ်သက်လို့ ဝါရှင်တန်မှာ သိသိသာသာ သဘောထား ကွဲလွဲမှုတွေ ရှိနေပါတယ်။
Ref:Reuters

