ဘန်ကောက်၊ ဒီဇင်ဘာ ၆

လူအများ ပြစ်တင်ရှုတ်ချထားတဲ့ ရွေးကောက်ပွဲအတွက် ပြည်ပရောက် မြန်မာနိုင်ငံသားတွေအတွက် မဲ ကြိုတင် လက်ခံချိန် ဒီဇင်ဘာ ၆ ရက်က ဘန်ကောက်မြို့ရှိ မြန်မာသံရုံးမှာ မဲပေးသူ ဒါဇင်အနည်းငယ်လောက် ကြိုတင်မဲ ပေးခဲ့ကြပါတယ်။

၂၀၂၁ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပြည်တွင်းစစ် ဖြစ်နေပြီး နိုင်ငံနယ်နိမိတ် အတော်များများကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထားပေမယ့် ရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးနဲ့ ဒီမိုကရေစီ ရရှိစေလိမ့်မယ်လို့ စစ်ကော်မရှင်က ကတိပြုထားပါတယ်။

အသုတ်လိုက် ကျင်းပမယ့် ရွေးကောက်ပွဲကို နိုင်ငံရဲ့ဒေသ တချို့မှာ ဒီဇင်ဘာ ၂၈ ရက်က စတင်မှာ ဖြစ်ပေမယ့် ဟောင်ကောင်၊ စင်ကာပူ၊ ချင်းမိုင်နဲ့ ဘန်ကောက်အပါအဝင် မြန်မာ သံရုံး အနည်းငယ်မှာ ပြည်ပရောက် နိုင်ငံသားတွေကို ကြိုတင်မဲပေးခွင့်ပြုထားပြီ ဖြစ်ပါတယ်။

ဘန်ကောက်မြို့ရှိ မြန်မာ သံရုံးမှာ ဒီဇင်ဘာ ၆ ရက် မနက်ပိုင်းက လုံခြုံရေး တင်းကြပ်ထားပြီး မဲစတင် လက်ခံချိန် ပထမဆုံး ၂ နာရီ အတွင်း လူ ၂၅ ယောက်လောက် မဲပေးခဲ့တာ တွေ့ရတယ်လို့ အေအက်ဖ်ပီ သတင်းထောက်တွေက ပြောပါတယ်။

မဲပေးသူ အများစုက မှတ်ချက် ပြုပေးဖို့ ငြင်းဆန်ခဲ့ကြတယ်လို့လည်း သတင်းထောက်တွေက ပြောပါတယ်။

မြို့တော် ဘန်ကောက်မှာ တရားဝင် စာရွက်စာတမ်းနဲ့ နေထိုင်နေသူ မြန်မာနိုင်ငံသား ၅ သိန်းလောက် ရှိတယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနရဲ့ စာရင်းတွေအရ သိရပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်နေကြတဲ့ မြန်မာနိုင်ငံသား ၄ ဒသမ ၁ သန်း ရှိပြီး အများစုဟာ ပြည်တွင်းစစ်ကြောင့် ထွက်ပြေးလာကြသူတွေ ဖြစ်သလို အထောက်အထား မရှိသူတွေလည်း အများကြီးပဲလို့ နိုင်ငံတကာ ရွှေပြောင်းနေထိုင်မှု အဖွဲ့အစည်းက ခန့်မှန်းထား ပါတယ်။

အောက်တိုဘာ ၁၅ ရက်အထိ နောက်ဆုံး သတ်မှတ်ထားခဲ့တဲ့ ရွေးကောက်ပွဲ မှတ်ပုံတင်ဖောင် ဖြည့်ထားသူ ဘယ်နှစ်ယောက် ရှိသလဲ ဆိုတာကို သူတို့ မသိဘူးလို့ သံရုံး အရာရှိတွေက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

စစ်ခေါင်းဆောင်တွေ ကျင်းပမယ့် ရွေးကောက်ပွဲဟာ သူတို့ရဲ့ အာဏာ ပုံစံတစ်မျိုးနဲ့ ဆက်လက် တည်မြဲစေဖို့ ကျင်းပတဲ့ အတုအယောင် ရွေးကောက်ပွဲ ဖြစ်တယ်လို့ ကုလသမဂ္ဂ အပါအဝင် ဒီမိုကရေစီနိုင်ငံတွေက ပြစ်တင်ရှုတ်ချထားပါတယ်။

စစ်ကော်မရှင်က အသစ်ပြဌာန်းထားတဲ့ ရွေးကောက်ပွဲ ကာကွယ်ရေးဥပဒေအရ ရွေးကောက်ပွဲကို ဝေဖန်သူ နှောင့်ယှက်သူတွေကို ထောင် ၇ နှစ်ကနေ သေဒဏ်အထိ ချမှတ်နိုင်ပါတယ်။

အမြဲတမ်း နေထိုင်ခွင့်နဲ့ နေထိုင်နေတာ မဟုတ်တဲ့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေကြား မဲမပေးရင် သက်တမ်းတိုးချိန်မှာ ပြဿနာ ရှာခံရနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေကြောင်း သိရပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.