ဝါရှင်တန်၊ ဒီဇင်ဘာ ၆

အမေရိကန်မှာ မွေးဖွားတဲ့ ကလေးငယ် တချို့မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ နိုင်ငံသားဖြစ်ခွင့် ရှိ မရှိ ဆိုတဲ့ အမှုအား ကြားနာစစ်ဆေးဖို့ အမေရိကန် နိုင်ငံတော် တရားရုံးချုပ်က သဘောတူလိုက်ပါတယ်။

ဇန်နဝါရီက အိမ်ဖြူတော်သို့ ဒုတိယအကြိမ် ရောက်ရှိလာတဲ့ ပထမဆုံးနေ့မှာ သမ္မတ ဒေါ်နယ် ထရန့်က အမေရိကန်သို့ တရားမဝင် ဝင်ရောက်လာတဲ့ မိဘတွေဆီက မွေးဖွားတဲ့ ကလေးငယ်တွေအတွက် မွေးရာပါ နိုင်ငံသား ဖြစ်ခွင့်ကို အဆုံးသတ်လိုက်တဲ့ ညွှန်ကြားချက် တစ်ရပ် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒါပေမဲ့ အဲဒီ လုပ်ရပ်ကို အောက်တရားရုံး တော်တော်များများက တားဆီးခဲ့ကြပါတယ်။

အဲဒီ အမှုနဲ့ပတ်သက်လို့ နိုင်ငံတော် တရားရုံးချုပ်က ကြားနာစစ်ဆေးမယ့် ရက်ကို မသတ်မှတ်ရသေးဘဲ ဆုံးဖြတ်ဖို့က လများစွာ ကြာဦးမှာ ဖြစ်ပါတယ်။

နိုင်ငံတော် တရားရုံးချုပ်က ဘာပဲဆုံးဖြတ်ဆုံးဖြတ် ထရန့်ရဲ့ ရွှေ့ပြောင်းနေထိုင်သူများ နှိမ်နင်းမှုအပေါ် ကြီးကြီးမားမား ရိုက်ခတ်မှု ရှိလာမှာ ဖြစ်ပြီး အမေရိကန်နိုင်ငံသား တစ်ယောက် ဖြစ်ဖို့ အဓိပ္ပါဘ် ဖွင့်ဆိုချက်တွေအပေါ်ကိုလည်း ရိုက်ခတ်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

၁၄ ကြိမ်မြောက် အမေရိကန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်က သံတမန်တွေနဲ့ ပြည်ပစစ်တပ် မိဘတွေက မွေးလာတဲ့ ကလေးတွေကလွဲပြီး အမေရိကန်မှာ မွေးလာတဲ့ ကလေးတွေ မှန်သမျှကို အမေရိကန်နိုင်ငံသား အဖြစ် သတ်မှတ်ရမယ်ဆိုတဲ့ မူတစ်ခု ကျင့်သုံးလာခဲ့တာ နှစ်ပေါင်း ၁၆၀ နီးပါး ရှိပြီ ဖြစ်ပါတယ်။

ထရန့်ရဲ့ ညွှန်ကြားချက်က အမေရိကန်သို့ တရားမဝင် ဝင်ရောက်လာတဲ့ မိဘတွေဆီက ဒါမှမဟုတ် ယာယီ ပြည်ဝင်ခွင့်နဲ့ ဝင်ရောက်လာတဲ့ မိဘတွေဆီက မွေးဖွားလာတဲ့ ကလေးငယ်တွေကို အမေရိကန်နိုင်ငံသား ဖြစ်ခွင့် ငြင်းပယ်ဖို့ ညွှန်ကြားထားပါတယ်။

အဲဒါက နိုင်ငံရဲ့ လူဝင်မှုကြီးကြပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲရေး ထရန့် အစိုးရရဲ့ ပိုမို ကျယ်ပြန့်တဲ့ ကြိုးပမ်းမှုရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်ပြီး အမျိုးသား လုံခြုံရေးနဲ့ ပြည်သူ့လုံခြုံရေးကို ခြိမ်းခြောက်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ကြီးကြီးမားမား နှိမ်နှင်းနေပါတယ်။

၁၄ ကြိမ်မြောက် ဖွဲ့စည်းပုံ ပြင်ဆင်ချက်ပါ သတ်မှတ်ချက်ကို ထရန့် အစိုးရက စောဒက တက်ထားပြီး နိုင်ငံတွင်းမှာ အမြဲတမ်း ဒါမှမဟုတ် တရားဝင် နေထိုင်သူ မဟုတ်သူတွေရဲ့ ကလေးတွေ မပါဝင်တဲ့ သဘော ဖြစ်တယ်လို့ ပြောထားပါတယ်။

အဲဒီ အမှုမှာ တရားလိုတွေကို ကိုယ်စားပြုတဲ့ အမေရိကန် အရပ်သား လွတ်လပ်ခွင့်များဆိုင်ရာသမဂ္ဂရဲ့ အမျိုးသားဥပဒေ ညွှန်ကြားရေးမှူး စီစီလီယာ ဝမ်က ၁၄ ကြိမ်မြောက် ဖွဲ့စည်းပုံ ပြင်ဆင်ချက်ရဲ့ နိုင်ငံသား ဖြစ်ခွင့်ဆိုင်ရာ အခြေခံ ကတိပြုချက်ကို ဘယ်သမ္မတကမှ ပြောင်းလဲလို့ မရဘူးလို့ ပြောပါတယ်။

အမေရိကန်မြေပေါ်မှာ မွေးဖွားသူတိုင်းဟာ မွေးကတည်းက အမေရိကန်နိုင်ငံသား ဖြစ်တယ်ဆိုတဲ့ ဥပဒေ သတ်မှတ်ချက် ရှိနေတာ အစဉ်အလာ ရှိနေတာဟာ နှစ်ပေါင်း ၁၅၀ ကျော်ခဲ့ပြီလို့လည်း သူက ပြောပါတယ်။

အမေရိကရှိ နိုင်ငံပေါင်း ၃၀ လောက်မှာ သူတို့ရဲ့ နယ်နိမိတ်တွေထဲ မွေးဖွားသူတွေကို မွေးကတည်းက သက်ဆိုင်ရာ နိုင်ငံသားအဖြစ် သတ်မှတ်ထားပြီး အမေရိကန်လည်း တစ်နိုင်ငံ အပါအဝင် ဖြစ်ပါတယ်။

ထရန့်ရဲ့ အထူးအမိန့် ညွှန်ကြားချက်ကို ဥပဒေအရ စိန်ခေါ်ပြီးနောက်မှာ အဲဒီ ညွှန်ကြားချက်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်မှု ဖြစ်တယ်လို့ ဖက်ဒရယ် တရားသူကြီး တချို့က ဆုံးဖြတ်ထားပြီး တခြား တရားရုံးတွေက သမ္မတ ညွှန်ကြားချက် အတိုင်း မလုပ်ဆောင်နိုင်ရေး တားမြစ်ထားပါတယ်။

အဲဒီ အခြေခံ ဥပဒေပြင်ဆင်ချက်ကို အမေရိကန်မှာ ပြည်တွင်းစစ်ဖြစ်နေချိန်အတွင်း အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.