မော်လမြိုင်၊ နိုဝင်ဘာ ၈
နိုင်ငံတဝန်းမှာ ပြီးခဲ့တဲ့ အောက်တိုဘာလ တစ်လအတွင်း စစ်ကော်မရှင်တပ်ရဲ့ လက်နက်ကြီးနဲ့လေကြောင်း တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၇၀ သေဆုံးခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က နိုဝင်ဘာ ၇ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။
အောက်တိုဘာလအတွင်း နိုင်ငံတဝန်းမှာ စစ်ကော်မရှင်ရဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ၅၆ ဦး၊ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုကြောင့် ၈ ဦး၊ မြေမြှုပ်မိုင်းကြောင့် ၁ ဦးနဲ့ ဖမ်းဆီးသတ်ဖြတ်ခံရသူ ၅ ဦး ပါဝင်ပါတယ်။
သေဆုံးသူတွေထဲမှာ အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူတွေနဲ့ကလေးငယ်တွေလည်း ပါဝင်ပြီး ထိခိုက်ဒဏ်ရာရသူ ၈၀ ဦး ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အမျိုးသမီးသေဆုံးမှုအရ ရှမ်းပြည်နယ်မှာ ၂၃ ဦး၊ မန္တလေးတိုင်းမှာ ၁၃ ဦး၊ စစ်ကိုင်းတိုင်းမှာ ၁၀ ဦးနဲ့ သေဆုံးမှု အများဆုံးဖြစ်ခဲ့ပြီး နေပြည်တော်ကလွဲပြီး ကျန်ဒေသတွေမှာ အမျိုးသမီး သေဆုံးမှုတွေ ရှိခဲ့တာ ဖြစ်ပါတယ်။
BWU ကတော့ အမျိုးသမီး ထိခိုက်သေဆုံးမှု စာရင်းကို လွတ်လပ်တဲ့ သတင်းဌာနတွေနဲ့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကနေ စုဆောင်းကောက်ယူထားတာ ဖြစ်ပေမယ့် မြေပြင်မှာ ဒီထက် ပိုများနိုင်တယ်လို့ သုံးသပ်ထားပါတယ်။
နိုင်ငံအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ နိုဝင်ဘာ ၇ ရက်နေ့ ထုတ်ပြန်ချက်အရ နိုင်ငံတဝန်းမှာ အာဏာသိမ်းကာလအတွင်း စစ်ကော်မရှင်တပ်ကြောင့် အရပ်သားပြည်သူ ၇၅၀၀ နီးပါး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – TNLA

