ခမောက်ကြီးတိုက်ပွဲမှာ စစ်တပ်က ဗိုလ်မှူးတစ်ဦးအပါအဝင် ၈ ဦး သေဆုံး

ကော့သောင်း၊ နိုဝင်ဘာ ၈

တနင်္သာရီတိုင်း ကော့သောင်းမြို့နယ် ခမောက်ကြီးဒေသကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရတာကြောင့် ဗိုလ်မှူးတစ်ဦးအပါအဝင် ၈ ဦးသေဆုံးခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ထံကနေ သိရပါတယ်။

အင်အား ၈၀ လောက်နဲ့ ခမောက်ကြီးမြို့နယ်ခွဲရှိ လေးရွာနဲ့ အထူးဇုံဖြတ်လမ်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်ကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေရဲ့ အသင့်စောင့်ကြို မိုင်းဆွဲတိုက်ခိုက်မှုကြောင့် နှစ်ဖက် အပြန်အလှန် ထိတွေ့တိုက်ပွဲ အချိန် ၃ နာရီနီးပါးကြာ ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်ဘက်က ဗိုလ်မှူးတစ်ဦး၊ ဗိုလ်ကြီးတစ်ဦးနဲ့ တပ်ကြပ်ကြီးတစ်ဦးအပါအဝင် ၈ ဦး သေဆုံးခဲ့တာကို မျက်မြင်အတည်ပြုနိုင်ခဲ့တယ်လို့ ကော့သောင်းခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဆိုပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲမှာ စစ်သား ၈ ဦးဟာ ဒဏ်ရာပြင်းထန်တာကြောင့် ထိုင်းနိုင်ငံ ရနောင်းဆေးရုံမှာ ဆေးဝါးကုသမှု ခံယူနေရတယ်လို့ တပ်တွင်းသတင်းအရင်းအမြစ်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီးနောက် လေးရွာစာသင်ကျောင်းအနီးမှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတဲ့ စစ်ကော်မရှင်တပ်ရဲ့ အရာရှိအလောင်းတစ်လောင်း အပါအဝင် တပ်သားအလောင်း ၈ လောင်းကို မီးရှို့သွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေနဲ့ တပ်တွင်းသတင်းရင်းမြစ်တွေက ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဘက်က ရဲဘော်နှစ်ဦး ကျဆုံးခဲ့ပြီး ရဲဘော်တစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ကော့သောင်းခရိုင် မဟာမိတ်ပူပေါင်းအဖွဲ့တွေဖြစ်တဲ့ ကော်သူးလေတပ်မတော် (KTLA) ဗိုလ်ချုပ်မြအထူးတပ်ရင်း၊ ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) နဲ့ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.