ဘီးလင်း၊ နိုဝင်ဘာ ၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ် မဲလံဖားကဒူးကျေးရွာအနီးမှာ အမျိုးသမီးတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၆ ရက်နေ့က မဲလံကျောင်းကျေးရွာနေ အသက် ၄၀ ကျော်အရွယ် ဒေါ်သိန်းဝင်းဟာ သူနေထိုင်ရာကျေးရွာကနေ တောခုတ်ဖို့အသွား လမ်းခုလပ်မှာ မြေမြှုပ်မိုင်းနင်းမိခဲ့တာပါ။
မြေမြှုပ်မိုင်းကြောင့် ဒေါ်သိန်းဝင်းဟာ နောက်ကျော၊ လက်နဲ့တင်ပါးတွေမှာ မိုင်းစထိမှန်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတာပါ။
ဒါကြောင့် ဒေါ်သိန်းဝင်းကို ဘီးလင်းပြည်သူ့ဆေးရုံကနေ သထုံခရိုင်ပြည်သူ့ဆေးရုံထံ ပြောင်းရွှေ့ကုသနေရတယ်လို့ ဆိုပါတယ်။
မဲလံဒေသဟာ စစ်တပ် သြဇာခံ ကရင်နယ်ခြားစောင့်တပ် BGF ၊ ကရင်အမျိုးသားအစည်းအရုံး KNU အပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေလည်း စစ်ရေးလှုပ်ရှားနေတာ ဖြစ်ပါတယ်။
ဘီးလင်းမြို့နယ်ဟာ အာဏာသိမ်းကာလအတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သားပြည်သူတွေ ထိခိုက်သေဆုံးမှု မကြာခဏဆိုသလို ဖြစ်ပေါ်နေတပြီး မြေမြှုပ်မိုင်းပေါက်ကွဲမှု အများစုဟာ လက်သည်မပေါ်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေး နိုင်ငံတကာစည်းရုံးလှုံ့ဆော်ရေးအဖွဲ့ ICBL ရဲ့ အစီရင်ခံစာအရ မြန်မာနိုင်ငံဟာ အာဏာသိမ်းကာလအတွင်း ကမ္ဘာပေါ်မှာ မြေမြှုပ်မိုင်းကြောင့် လူထိခိုက်သေဆုံးမှု အများဆုံး နိုင်ငံဖြစ်လာခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

