ဝယ်လင်တန်၊ နိုဝင်ဘာ ၇
မြန်မာနိုင်ငံမှာ ဒီဇင်ဘာ ၂၈ ရက် စတင်ဖို့ စီစဉ်ထားတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ ၂၀၂၅-၂၆ ရွေးကောက်ပွဲကို ပယ်ချကြောင်း နယူးဇီလန်လွှတ်တော်က နိုဝင်ဘာ ၅ ရက်က ကြေညာချက် ထုတ်လိုက်ပြီး လွတ်လပ်မျှတတဲ့ ဒါမှမဟုတ် ယုံကြည်ရလောက်တဲ့ ရွေးကောက်ပွဲလို့ မှတ်ယူလို့ မရကြောင်း ပြောလိုက်ပါတယ်။
မြန်မာ စစ်အာဏာရှင် စီစဉ်ထားတဲ့ ရွေးကောက်ပွဲကို ပယ်ချရေး လွှတ်တော်က တစ်ညီတစ်ညွတ်တည်း ဆုံးဖြတ်လိုက်ကြောင်း လေဘာပါတီ လွှတ်တော်အမတ် ဖီးလ် တွီလ်ဖို့ဒ်က သူ့ရဲ့ လူမှုမီဒီယာမှာ နိုဝင်ဘာ ၅ ရက်က ရေးသား ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲ ဝေဖန်မှုကို ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားတဲ့ ဖိနှိပ်မယ့် ဥပဒေတွေ ပြဌာန်းထားပြီး မဲစာရွက်တွေမှာ စစ်မှန်တဲ့ အတိုက်အခံပါတီတွေ ပါဝင်မှာ မဟုတ်ဘူးလို့ သူက နယူးဇီလန်လွှတ်တော်သို့ ပြောထားပါတယ်။
၂၀၂၁ နောက်ပိုင်း အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လုပ်ရပ်တွေနဲ့ပတ်သက်လို့ ဖမ်းဆီးခံရသူ ၃၀၀၀၀ အနည်းဆုံးရှိကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အဖွဲ့က ဖော်ပြထားပါတယ်။
နိုင်ငံရေးနဲ့ဆက်စပ်လို့ လူပေါင်း ၂၂၆၀၀ ဖမ်းဆီးခံထားရဆဲ ဖြစ်ပြီး သူတို့ထဲက ၁၁၃၀၀ ကို ပြစ်ဒဏ် တွေချမှတ်ထားပြီး ဖြစ်တယ်လို့ အဲဒီ အဖွဲ့က ဖော်ပြပါတယ်။

မတူညီတဲ့ နိုင်ငံရေးပါတီတွေက လွှတ်တော်အမတ် ၃ ဦး ပါဝင်တဲ့အဖွဲ့ စက်တင်ဘာလက ထိုင်း-မြန်မာနယ်စပ်သို့ ၉ ရက်ကြာ သွားရောက်ပြီး အချက်အလက်အမှန် ရှာဖွေရေး ခရီးစဉ်ပြီးနောက် နယူးဇီလန်လွှတ်တော်ရဲ့ အခုလို ဆုံးဖြတ်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
နယူးဇီလန် လွှတ်တော်အမတ်တွေက ၂၀၂၁ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ လူသားချင်း စာနာထောက်ထားရေး အခြေအနေတွေနဲ့ နိုင်ငံရေး ပြဿနာတွေကို လေ့လာခဲ့တာ ဖြစ်ပါတယ်။
နယူးဇီလန် လွှတ်တော်အမတ်တွေဟာ ထိုင်း-မြန်မာ နယ်စပ်ရှိ အရပ်ဖက် အဖွဲ့အစည်းတွေ၊ လူသားချင်း စာနာထောက်ထားရေးအဖွဲ့တွေ၊ အမှီအခိုကင်းတဲ့ မီဒီယာတွေ ၊အမျိုးသား ညီညွတ်ရေး အစိုးရအဖွဲ့ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
စစ်ဗိုလ်ချုပ်တွေဟာ ရွေးကောက်ပွဲကတဆင့် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ အသိအမှတ်ပြု ခံရဖို့ ကြိုးစားပြီးတော့ တရားဝင်ဖြစ်ရေး ကြိုးပမ်းနေချိန်မှာ နယူးဇီလန် လွှတ်တော် အနေနဲ့ မြန်မာပြည်သူတွေဖက်က ရပ်တည်ရမယ်လို့ လေဘာပါတီ လွှတ်တော်အမတ် ဖီးလ် တွီလ်ဖို့ဒ်က ပြောပါတယ်။
စစ်မှန်တဲ့ ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘဲ အာဏာရှင်စနစ် တရားဝင် ဖြစ်စေဖို့ ရည်ရွယ်ထားတဲ့ ရွေးကောက်ပွဲပဲ ဖြစ်တယ်လို့ သူက ဖြည့်စွက် ပြောပါတယ်။
မိမိတို့အနေနဲ့ မြန်မာပြည်သူတွေရဲ့ သတ္တိရှိမှုကို ထောက်ခံရမှာ ဖြစ်ပြီး ဒီမိုကရေစီအတွက် ရုန်းကန်မှုကို ဆက်လက် ကူညီပေးရမှာ ဖြစ်တယ်လို့ လွှတ်တော်အမတ် ဖီးလ်က ပြောဆိုထားတာ ဖြစ်ပါတယ်။
Ref:DVB

