အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးနိုင်မလားလို့ အီရန်က မေးမြန်းနေကြောင်း ထရန့် ပြော

ဝါရှင်တန်၊ နိုဝင်ဘာ ၇

အီရန်က သူတို့နိုင်ငံအပေါ် ချမှတ်ထားတဲ့ အမေရိကန်ရဲ့ အရေးယူပိတ်ဆို့မှုတွေကို ရုတ်သိမ်းပေးနိုင်မလားလို့ မေးမြန်းထားကြောင်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က နိုဝင်ဘာ ၆ ရက်မှာ ပြောလိုက်ပါတယ်။

အီရန်ဟာ အမေရိကန်ရဲ့ ကြီးမားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်နေရပြီး သူတို့ လုပ်ချင်တဲ့ကိစ္စတွေကို လုပ်ဆောင်ဖို့ အမှန်တကယ် ခက်ခဲနေတယ်လို့ ထရန့်က အိမ်ဖြူတော်မှာ နိုဝင်ဘာ ၆ ရက် ညနေပိုင်းက ပြောပါတယ်။

မှတ်ချက်ပြုပေးဖို့ တောင်းဆိုမှုကို နယူးယောက်ရှိ ကုလသမဂ္ဂဆိုင်ရာ အီရန်သံအဖွဲ့က တုံ့ပြန်မှု မရှိပါဘူး။

ဝါရှင်တန်က အစ္စရေးကို ထောက်ခံ ကူညီနေသ၍ အရှေ့အလယ်ပိုင်းမှာ စစ်ရေး အခြေစိုက် စခန်းတွေ ဆက်လက်ထားရှိပြီး ကြားဝင်ရှုပ်နေသ၍ အမေရိကန်နဲ့ အီရန် ဆွေးနွေးညှိနှိုင်းဖို့ မဖြစ်နိုင်ဘူးလို့ အီရန် ထိပ်တန်းခေါင်းဆောင် အယာဆိုလာ အလီ ခါမေနီက နိုဝင်ဘာ ၃ ရက်မှာ ပြောထားတာပါ။

ဇန်နဝါရီလက သူ့ရဲ့ ဒုတိယသမ္မတသက်တမ်း စတင်ပြီးနောက်ပိုင်း ထရန့်က တီဟီရန်ကို နျူကလီးယား လက်နက် မထုတ်လုပ်နိုင်ရေး ကြိုတင်တားဆီးတာတွေ အပါအဝင် အီရန် အပေါ် အမြင့်မားဆုံး ဖိအားပေးတဲ့ နည်းလမ်းကို သုံးနေပါတယ်။

အီရန်ကို အစ္စရေးက တိုက်ခိုက်ပြီးနောက် ဇွန်လအတွင်း အီရန်ရဲ့ နျူကလီးယား စက်ရုံတွေကို အမေရိကန်က ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဇွန်လက အီရန်နဲ့ အစ္စရေးကြား ၁၂ ရက်ကြာ စစ်ပွဲမတိုင်ခင် အမေရိကန်နဲ့ အီရန်ကြား နျူကလီးယား ဆွေးနွေးမှု ၅ ကြိမ် ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ နှစ်ဖက် ဆွေးနွေးမှုတွေအတွင်း အီရန်မြေပေါ်မှာ ယူရေနီယံ သန့်စင်မှုကိစ္စလို ကိစ္စ အပါအဝင် နှစ်နိုင်ငံကြား ကြီးမားတဲ့ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရပါတယ်။

အနောက် အင်အားကြီးနိုင်ငံတွေက နျူကလီးယား လက်နက် မထုတ်လုပ်နိုင်စေရေး ယူရေနီယံ သန့်စင်မှု လုံးဝ မပြုလုပ်ဖို့ တောင်းဆိုထားပြီး အဲဒီ အစီအစဉ်ကို အီရန်က ပယ်ချထားပါတယ်။

အီရန်က ယူရေနီယံ သန့်စင်မှု တိုးမြှင့် ပြုလုပ်နေတာဟာ နျူကလီးယား လက်နက် ထုတ်လုပ်ဖို့ ကြိုးပမ်းနေတာ ဖြစ်တယ်လို့ အနောက်တိုင်းက သံသယ ရှိနေပေမယ့် အီရန်က သူတို့ရဲ့ နျူကလီးယား စီမံကိန်းဟာ အရပ်ဖက်အတွက် သီးသန့် ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.