တရုတ်ရဲ့ တတိယမြောက် လေယာဉ်တင်သင်္ဘော ဖူကျန်း တပ်တော်ဝင်

ဘေဂျင်း၊ နိုဝင်ဘာ ၈

တရုတ်နိုင်ငံရဲ့ တတိယမြောက် လေယာဉ်တင် သင်္ဘောကို ရေတပ်သို့ လွှဲပြောင်းပေးအပ်ပွဲ အခမ်းအနား ကျင်းပပြီးနောက် တပ်တော်ဝင်ပြီးဖြစ်ကြောင်း ဆင်ဟွာသတင်းဌာနက နိုဝင်ဘာ ၇ ရက်က ဖော်ပြပါတယ်။

နိုဝင်ဘာ ၅ ရက်က ဟိုင်နန်ပြည်နယ်မှာ ကျင်းပခဲ့တဲ့ တပ်တော်ဝင် အလံပေးအပ်ပွဲ အခမ်းအနားသို့ တရုတ်သမ္မတ ရှီကျင့်ဖျင် တက်ရောက်ခဲ့ပါတယ်။

ဒါက ထိုင်ဝမ်နဲ့ တင်းမာမှုတွေ ရှည်ကြာနေပြီး တောင်တရုတ်ပင်လယ်မှာ နယ်မြေ ပိုင်ဆိုင်ကြောင်း အပြိုင်ပြောဆိုမှုတွေကို တားဆီးရေး တရုတ်စစ်တပ် ခေတ်မီရေး၊ ဒေသတွင်း ရေတပ်အင်အားကြီးမား လာစေရေး သမ္မတ ရှီကျင့်ဖျင်ရဲ့ ကြိုးပမ်းမှုရဲ့ အဓိကမှတ်တိုင် တစ်ခု ဖြစ်ပါတယ်။

အခမ်းအနားပြီးနောက် ဖူကျန်း လေယာဉ်တင်သင်္ဘောပေါ်သို့ ရှီကျင့်ဖျင် တက်ရောက်ပြီး လေယာဉ်တင်သင်္ဘောရဲ့ တိုက်ခိုက်ရေး စွမ်းပကားစနစ်၊ တည်ဆောက်ထားမှုနဲ့ လျှပ်စစ်သံလိုက်သုံး ပစ်လွှတ်ရေးစနစ် အသုံးပြုပုံကို လေ့လာခဲ့တယ်လို့ ဆင်ဟွာသတင်းမှာ ဖော်ပြထားပါတယ်။

နိုင်ငံပိုင်ရုပ်သံလိုင်း CCTV က ဖော်ပြတဲ့ ဗီဒီယိုဖိုင်မှာ အဲဒီ ဆိပ်ကမ်းဆီ သမ္မတ ရှီနဲ့ အတူ တရုတ် အာဏာရကွန်မြူနစ်ပါတီရဲ့ တခြားအရာရှိတွေလည်း တက်ရောက်ခဲ့တာ တွေ့ရပါတယ်။

စိုးရိမ်မှုတွေရှိနေတဲ့ ရေပြင်မှာ ဝါရှင်တန်နဲ့ ရေတပ်အင်အား ယှဉ်ပြိုင်နေတဲ့ တရုတ်ဟာ အလုံးစုံ စစ်အင်အားအရ အမေရိကန်ထက် အများကြီး နောက်ကျကျန်ဆဲပဲ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဒါပေမဲ့ ဘေဂျင်းက သူတို့ရဲ့ စစ်တပ်အတွက် ဒေါ်လာ ဘီလီယံနဲ့ချီ သုံးစွဲဖို့ မကြာသေးခင် နှစ်တွေက ညွှန်ကြားထားပါတယ်။

မကြာသေးခင်လတွေက ပင်လယ်ပြင်မှာ ရေချစမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဖူကျန်း လေယာဉ်တင်သင်္ဘောဟာ အခုအခါ တရုတ်ရဲ့ တခြား လေယာဉ်တင်သင်္ဘော နှစ်စီး ဖြစ်တဲ့ လျာအိုနင်း၊ ချန်ဒေါင်းသင်္ဘောတို့နဲ့အတူ တပ်တော် ဝင်နေပြီးဖြစ်ပါတယ်။

ဖူကျန်း လေယာဉ်တင်သင်္ဘောဟာ လေယာဉ် ပျံတက်မှုစနစ်တွေ အဆင့်ပိုမြင့်ပြီး ဝန်နဲ့ လောင်စာ ပိုတင်ထားတဲ့ လေယာဉ်တွေကို တရုတ်လေတပ်က ချထားနိုင်ပေမယ့်လည်း တရုတ်ရဲ့ လေယာဉ်တင်သင်္ဘော အများကြီးနဲ့ပတ်သက်လို့ လျှို့ဝှက်ချက်တွေ လွှမ်းခြုံနေဆဲ ဖြစ်ပါတယ်။

ဖူကျန်းသင်္ဘောမှာ လေယာဉ်လွှတ်တင်ရေး လျှပ်စစ်သံလိုက်စနစ် EMALS တပ်ဆင်ထားပြီး သမရိုးကျ လွှတ်တင်ရေး နည်းလမ်းတွေထက် ပိုထိရောက်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

ဖူကျန်း လေယာဉ်တင်သင်္ဘောမှာ EMALS စနစ် အသုံးပြုမှုကို ရှီကျင့်ဖျင် ကိုယ်တိုင် ရွေးချယ် ဆုံးဖြတ်ခဲ့တာ ဖြစ်တယ်လို့ ဆင်ဟွာက ဖော်ပြထားပါတယ်။

လက်ရှိ အဲဒီ စနစ် တပ်ဆင်ထားတဲ့ တခြား တစ်စီးတည်းသော လေယာဉ်တင်သင်္ဘောကတော့ ယူအက်စ်အက်စ် ဂါရဲလ် အာရ်ဖို့ဒ်ပဲ ဖြစ်ပါတယ်။

အဲဒီ စနစ်က လေယာဉ်တွေနဲ့သင်္ဘောအတွက် ဖိအားပိုနည်းစေပြီး သမရိုးကျစနစ်တွေထက် အမြန်နှုန်းကို ပိုမို တိကျစွာထိန်းချုပ်နိုင်သလို လေယာဉ် အမျိုးအစား ပိုပြီး လွှတ်တင်နိုင်ပါတယ်။

အဲဒီလို တင်ဆောင် လွှတ်တင်နိုင်တဲ့ လေယာဉ်တွေထဲမှာ တရုတ်က ပင်လယ်ပြင် စမ်းသပ်မှုတွေအတွင်း အောင်မြင်စွာ စမ်းသပ်ခဲ့ပြီး ဖြစ်တဲ့ စောစောစီးစီး သတိပေး ထိန်းချုပ်ရေးလေယာဉ် KJ-600 လို လောင်စာ ဖြည့်ထားပြီးသား ပိုလေးတဲ့ လေယာဉ်တွေ ပါဝင်ပါတယ်။

ဖူကျန်း သင်္ဘောပေါ်ကနေ တရုတ်ရဲ့ နောက်ဆုံးပေါ်J-35 ကိုယ်ပျောက် တိုက်လေယာဉ်နဲ့ J-15T တိုက်လေယာဉ် အလေးစားတို့ကိုလည်း လွှတ်တင်ခဲ့ပြီး ဖြစ်တယ်လို့ တရုတ် ရေတပ်က ဖော်ပြထားပါတယ်။

ဖူကျန်း လေယာဉ်တင်သင်္ဘောကြောင့် တရုတ်စစ်တပ်ရဲ့ တိုက်ခိုက်ရေး အင်အား ပိုများလာမှာ ဖြစ်တယ်လို့ အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Ref:Agencies

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.