နိုင်ငံခြားရေးဝန်ကြီးကို ပူတင် သဘောမကျတော့ဘူးဆိုတဲ့ ပြောဆိုမှု ကရင်မလင် နန်းတော် ပယ်ချ

မော်စကို၊ နိုဝင်ဘာ ၈

ပြီးခဲ့တဲ့လက အမေရိကန် ဒေါ်နယ် ထရန့်နဲ့ ရုရှား သမ္မတတို့ကြား တွေ့ဆုံဆွေးနွေးရေး စီစဉ်မှုတွေ ရပ်တန့်သွားခဲ့ပြီးနောက် ဗလာဒီမာ ပူတင်က ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့ကို သဘောမကျတော့ဘူးဆိုတဲ့ ပြောဆိုမှုတွေနဲ့ပတ်သက်လို့ ကရင်မလင် နန်းတော်က နိုဝင်ဘာ ၇ ရက်မှာ ပယ်ချလိုက်ပါတယ်။

သူ့ရဲ့ အင်တိုက်အားတိုက် ညှိနှိုင်းမှုပုံစံကြောင့် လူသိများတဲ့ ဆိုဗီယက်ခေတ် ဝါရင့် သံတမန် အသက် ၇၅ နှစ်အရွယ် လက်ဗရော့ဟာ သူအစဉ်သဖြင့် တက်ရောက်လေ့ရှိတဲ့ အခုသီတင်းပတ် ကရင်မလင် အစည်းအဝေးကြီး တစ်ခုကို တက်ရောက်ခြင်း မရှိခဲ့တဲ့အပြင်တောင်အာဖရိကမှာ ကျင်းပခဲ့တဲ့ ဂျီ-၂၀ ညီလာခံကိုလည်း ပူတင်က တခြား တစ်ဦးကို စေလွှတ်ခဲ့တာ ဖြစ်ပါတယ်။

ပုံမှန်ဆိုရင် အဲဒီလို ထိပ်သီး ဆွေးနွေးပွဲတွေကို ဝန်ကြီး လက်ဗရော့ တက်ရောက်လေ့ ရှိခဲ့တာ ဖြစ်ပါတယ်။

နှစ်ပတ်ဆက်တိုက်အနေနဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း လက်ဗရော့ရဲ့ ခရီးစဉ်တွေကို ကြေညာတာ မရှိခဲ့ပါဘူး။

အဲဒီလို အခြေအနေတွေကြောင့် နိုင်ငံခြားရေးဝန်ကြီး ရာထူးမှာ တာဝန်ထမ်းဆောင်လာတာ ဆယ်စုနှစ် နှစ်ခုကျော် ကြာပြီ ဖြစ်တဲ့ လက်ဗရော့ကို ပူတင်က သဘောမကျတော့တာ ဖြစ်နိုင်တယ်ဆိုတဲ့ ပြောဆိုမှုတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

လက်ဗရော့နဲ့ ပူတင် ပြဿနာတက်နေသလားလို့ နိုဝင်ဘာ ၇ ရက်က မေးမြန်းချက်ကို ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့စ်က ပယ်ချသွားခဲ့ပါတယ်။

“ကျွန်တော် တိုတိုပဲ ဖြေပါမယ်။ အဲဒီ သတင်းဖော်ပြမှုတွေ ဘာတစ်ခုမှ မမှန်ပါဘူး” လို့ ပက်စကော့စ်က သတင်းထောက်တွေကို ပြောပါတယ်။

လက်ရှိ ရာထူးမှာ ဝန်ကြီး လက်ဗရော့ ဆက်လက် တာဝန်ထမ်းဆောင်မှာလားလို့ အတည်ပြုခိုင်းချိန်မှာတော့ ပက်စကော့စ်က သူ့အနေနဲ့ နိုင်ငံခြားရေးဝန်ကြီးအဖြစ် ဆက်လက် တာဝန်ယူမှာ အသေအချာ ဖြစ်ကြောင်း တုံ့ပြန်ပါတယ်။

ပူတင်နဲ့ ဖုန်းခေါ်ဆိုပြီး ထရန့်က ကြေညာပြီးနောက် ရက်ပိုင်းအကြာမှာ ဖြစ်နိုင်ခြေရှိတဲ့ တွေ့ဆုံဆွေးနွေးမှုအတွက် လက်ဗရော့က အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုဆီ အောက်တိုဘာ ၂၀ ရက်က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပါတယ်။

နောက်တစ်ရက်မှာတော့ ထရန့်က အချိန်ဖြုန်းသလို ဖြစ်မယ့် အဲဒီ တွေ့ဆုံမှုကို အလိုမရှိတော့ဘူးလို့ ပြောကြားခဲ့ပါတယ်။

နည်းမှန်လမ်းမှန်မဟုတ်ဘူးလို့ ခံစားရတာကြောင့် ပူတင်နဲ့တွေ့မယ့် အစီအစဉ်ကို ဖျက်သိမ်းလိုက်တာ ဖြစ်တယ်လို့ ထရန့်က နောက်ပိုင်းမှာ ပြောကြားခဲ့ပါတယ်။

ထရန့်က မော်စကိုဆီ ပြန်လည်ချဉ်းကပ်ဖို့ ကြိုးပမ်းနေပြီး သြဂုတ်လက အလက်စကားမှာ ပူတင်နဲ့ တွေ့ဆုံဆွေးနွေးမှု တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ ထရန့်က ယူကရိန်းမှာ လက်ရှိ အခြေအနေအတိုင်း နှစ်ဖက် အပစ်အခတ် ရပ်စဲဖို့ တိုက်တွန်းခဲ့ပြီး ယူကရိန်းအနေနဲ့ နယ်မြေတွေ လက်လွှတ်ပေးဖို့ ရုရှားက တောင်းဆိုခဲ့တာကြောင့် အဲဒီ ဆွေးနွေးမှု မအောင်မြင်ဖြစ်ခဲ့ရတာပါ။

ယူကရိန်းနဲ့ပတ်သက်တဲ့ တောင်းဆိုမှုတွေကို မော်စကိုက မလိုက်လျောနိုင်ကြောင်း လက်ဗရော့ရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက မက်ဆေ့ချ် ပေးပို့ခဲ့ပြီးနောက် တွေဆုံမယ့် အစီအစဉ်ကို ဝါရှင်တန်က ဖျက်သိမ်းခဲ့တာ ဖြစ်တယ်လို့ ရိုက်တာနဲ့ တခြား နိုင်ငံတကာသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ပူတင် ဘာပဲလိုချင်လိုချင် လက်ဗရော့က အမေရိကန်နဲ့ သူကိုယ်တိုင် ဆွေးနွေးတာက ပိုကောင်းတယ်လို့ ထင်နေပုံ ရပြီး အဲဒီလို လုပ်ဖို့ ကြိုးပမ်းခဲ့တယ်လို့ ဗြိတိန်အခြေစိုက် Financial Times သတင်းဌာနက သတင်းရင်းမြစ် တစ်ခုကို ကိုးကားပြီး ဖော်ပြခဲ့ပါတယ်။

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.