အမေရိကန်-တောင်ကိုရီးယား ဆွေးနွေးမှုကို မြောက်ကိုရီးယား ရှုတ်ချ

ဆိုးလ်၊ နိုဝင်ဘာ ၈

တောင်ကိုရီးယားသို့ အမေရိကန် လေယာဉ်တင်သင်္ဘော ရောက်ရှိနေမှု၊ အမေရိကန်နဲ့ ဆိုးလ်တို့ လုံခြုံရေးဆွေးနွေးမှုတို့ကို မြောက်ကိုရီးယား ကာကွယ်ရေးဝန်ကြီး နိုလ်ကွန်ချိုက ပြစ်တင် ရှုတ်ချပြီး တိုက်ခိုက်တဲ့ လုပ်ရပ်တွေ ပိုမို လုပ်ဆောင်သွားမှာ ဖြစ်ကြောင်း နိုဝင်ဘာ ၈ ရက်မှာ ခြိမ်းခြောက်လိုက်ပါတယ်။

ဆိုက်ဘာနဲ့ဆက်စပ်တဲ့ ငွေကြေး ခဝါချမှု လုပ်ရပ်တွေမှာ ပါဝင်နေတယ်လို့ ဝါရှင်တန်က ပြောတဲ့ မြောက်ကိုရီးယားနိုင်ငံသားတွေနဲ့ လုပ်ငန်းတွေအပေါ် အမေရိကန်က အရေးယူ ပိတ်ဆို့မှုကို မြောက်ကိုရီးယားက နိုဝင်ဘာ ၆ ရက်က ပြစ်တင်ရှုတ်ချပြီး နောက်တစ်ရက်အကြာမှာ အရှေ့ဖက်ကမ်းရိုးတန်း ကမ်းလွန်ရေပြင်သို့ ပဲ့ထိန်းဒုံးကျည် တစ်စင်း ပစ်လွှတ်ခဲ့ပါတယ်။

အမေရိကန်-တောင်ကိုရီးယား ဆွေးနွေးမှုအပေါ် မြောက်ကိုရီးယားက ဝေဖန်တာဟာ စိတ်ပျက်စရာ ကောင်းတယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက နိုဝင်ဘာ ၈ ရက်က ပြောကြားပြီး ဒုံးကျည် ပစ်လွှတ်မှုကို ပြစ်တင်ရှုတ်ချထားပါတယ်။

မကြာသေးခင်က အမေရိကန်နဲ့တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးတို့ တောင်ကိုရီးယား-မြောက်ကိုရီးယား နှစ်နိုင်ငံနယ်စပ်သို့ သွားရောက်ခဲ့ပြီး ဆိုးလ်မြို့မှာ လုံခြုံရေး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြတာကိုလည်း နိုလ်ကွန်ချိုက ပြစ်တင်ရှုတ်ချပါတယ်။

ဒီလုပ်ရပ်တွေဟာ မြောက်ကိုရီးယားကို တားဆီးရေး အရှိန်မြှင့် လျှို့ဝှက်ကြံစည်နေတာ ဖြစ်ပြီး သမရိုးကျ တပ်ဖွဲ့တွေနဲ့ နျူကလီးယား တပ်ဖွဲ့တွေ ပေါင်းစည်းရေး ကြိုးပမ်းနေတာ ဖြစ်တယ်လို့ ဝန်ကြီး နိုလ်က ပြောပါတယ်။

ဆိုးလ်နဲ့မဟာမိတ်ပြုမှုရဲ့ အဓိက ရည်ရွယ်ချက်ဟာ မြောက်ကိုရီးယားကို တားဆီးရေး ဖြစ်တယ်လို့ အမေရိကန် စစ်မက်ရေးရာဝန်ကြီး ပိတ်ချ် ဟတ်ဆေ့ချ်က ပြောပါတယ်။

ဒေသတွင်း ခြိမ်းခြောက်မှုတွေကို တားဆီးရေး အမေရိကန်အနေနဲ့ တောင်ကိုရီးယားမှာ ချထားတဲ့ တပ်ဖွဲ့တွေရဲ့ ပြောင်းလွယ်ပြင်လွယ်ရှိမှုကို လေ့လာသွားမှာ ဖြစ်ကြောင်း သူက ဖြည့်စွက် ပြောပါတယ်။

အမေရိကန်နဲ့တောင်ကိုရီးယားတို့ ပူးတွဲ လေကြောင်း လေ့ကျင့်မှု ပြုလုပ်ခဲ့ပြီးနောက် တောင်ကိုရီးယား အရှေ့တောင်ပိုင်း ဆိပ်ကမ်းမြို့ ဘူဆန်သို့ အမေရိကန် နျူကလီးယား စွမ်းအင်သုံး လေယာဉ်တင်သင်္ဘော ဂျော့ချ် ဝါရှင်တန် အခုသီတင်းပတ် ရောက်ရှိလာမှုဟာ မိမိတို့ ကျွန်းဆွယ်မှာ တင်းမာမှု အရှိန်မြင့်တက်စေတဲ့ လုပ်ရပ် ဖြစ်တယ်လို့ ဝန်ကြီး နိုလ်ကွန်ချိုက ပြောတာပါ။

အဲဒီ လေယာဉ်တင်သင်္ဘောဟာ ထောက်ပံ့ရေးပစ္စည်းတွေ ပြန်လည် ဖြည့်တင်းရေးနဲ့ အမှုထမ်းများ ခွင့်ရက် ရရှိစေဖို့ လာရောက်တာ ဖြစ်တယ်လို့ တောင်ကိုရီးယား ရေတပ်က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်ကတော့ ပြီးခဲ့တဲ့ သီတင်းပတ် တောင်ကိုရီးယား ခရီးစဉ် အတွင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ တွေ့ဆုံလိုကြောင်း ပြောဆိုခဲ့ပေမယ့် အစီအစဉ် အထမမြောက်ခဲ့ပါဘူး။

ဒါပေမဲ့ သူက ကင်ဂျုံအန်နဲ့ တွေ့ဆုံရေး အဲဒီဒေသသို့ ထပ်မံ လာရောက်ဦးမှာ ဖြစ်ကြောင်း ပြောဆိုထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.