ပေါ့ပ်လန်း၊ နိုဝင်ဘာ ၈
အမေရိကန်ရဲ့ မြို့တွေမှာ အစိုးရရဲ့စစ်တပ် အသုံးပြုမှုအတွက် တရားဥပဒေဆိုင်ရာ ဆုတ်ယုတ်မှုတစ်ခုအနေနဲ့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က အော်ရီဂွန်ပြည်နယ် ပေါ့ပ်လန်းမြို့သို့ အမျိုးသားအစောင့်တပ်ဖွဲ့ချထားရေး တရားမဝင် ညွှန်ကြားထားတယ်လို့ ဖက်ဒရယ် တရားသူကြီး တစ်ဦးက နိုဝင်ဘာ ၇ ရက်မှာ ဆုံးဖြတ်ခဲ့ပါတယ်။
အမေရိကန် ဒေသဆိုင်ရာ တရားသူကြီး ကာရင် အင်မာဂတ်ရဲ့ ဆုံးဖြတ်ချက်ဟာ လူဝင်မှုကြီးကြပ်ရေး အရာရှိတွေအပေါ် ဆန့်ကျင် ဆန္ဒပြမှုတွေ ငြိမ်သက်သွားစေဖို့ ထရန့်ရဲ့ စစ်တပ် အသုံးပြုမှုကို ပထမဆုံး အမြဲတမ်းအတွက် တားဆီးပိတ်ပင်မှု ဖြစ်လာခဲ့ပါတယ်။

ထရန့်က ဒီမိုကရက်တို့ ဦးဆောင်ထားတဲ့ လော့စ်အန်ဂျယ်လိစ်၊ ချီကာဂိုနဲ့ ဝါရှင်တန် ဒီစီတို့မှာလည်း အဲဒီလို လုပ်ဆောင်ဖို့ ကြိုးပမ်းနေပါတယ်။
ပေါ့ပ်လန်းမှာ အမျိုးသား အစောင့်တပ်ဖွဲ့ချထားရေး ထရန့်ရဲ့ ကြိုးပမ်းမှုကို တရားသူကြီး ကာရင် အင်မာဂတ်က အရင်ကတည်းက ယာယီ တားမြစ်ထားခဲ့ပြီး ဖြစ်ပါတယ်။
ထရန့်ဟာ ဖက်ဒရယ်အရာရှိတွေကို ကာကွယ်ရေး သူ့ရဲ့ တရားဝင် လုပ်ပိုင်ခွင့် အာဏာကို အသုံးပြုနေတာ ဖြစ်တယ်လို့ အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ အဘီဂေးလ် ဂျွန်ဆန်က နိုဝင်ဘာ ၇ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ရဲ့ မြို့တွေမှာ စွဲကပ်နေတဲ့ ဥပဒေမဲ့မှုတွေကို သမ္မတက မျက်စိစုံမှိတ် ထားမှာ မဟုတ်ဘဲ မိမိတို့ အနေနဲ့ အထက်တရားရုံးမှာ ပြန်လည် လျှောက်ထားသွားမှာ ဖြစ်တယ်လို့ ပြောခွင့်ရသူ အဘီဂေးလ်က ပြောပါတယ်။
ပေါ့ပ်လန်းမှာ တော်လှန်ပုန်ကန်မှု ရှိနေတာ ဒါမှမဟုတ် ဆန္ဒပြပွဲတွေကြောင့် ဖက်ဒရယ် ဥပဒေတွေကို အစိုးရက စည်းကြပ်ဖို့ မလုပ်ဆောင်နိုင် ဖြစ်နေတယ်လို့ ပြောဆိုဖို့ အစိုးရမှာ ဥပဒေဆိုင်ရာ အကြောင်းရင်း မရှိဘူးလို့ ထရန့် ခန့်ထားသူ တစ်ယောက် ဖြစ်တဲ့ ကာရင် အင်မာဂတ်က ပြောပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်လို့ မှတ်ချက်ပြုပေးဖို့ အော်ရီဂွန်ပြည်နယ် အစိုးရရှေ့နေချုပ်ရုံးသို့ အီးမေးလ်က တစ်ဆင့် ဆက်သွယ်ခဲ့ပေမယ့် တုံ့ပြန်မှု မရှိဘူးလို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။
ထရန့်အစိုးရက ကာရင် အင်မာဂတ်ရဲ့ ဆုံးဖြတ်ချက်ကို ပယ်ချနိုင်ရေး နောက်ထပ် အဆင့်မြင့် တရားရုံးတွေမှာ အယူခံဝင်သွားဦးမှာ ဖြစ်တာကြောင့် ဒီကိစ္စဟာ နိုင်ငံတော်တရားရုံး အထိ ရောက်ရှိ သွားနိုင်ပါတယ်။
တော်လှန်ပုန်ကန်မှု ရှိနေတဲ့ နေရာတွေဆီ သမ္မတက စစ်တပ် စေလွှတ်ခွင့်ရှိပေမယ့် ဘာမှ မပြောပလောက်တဲ့ ဆန္ဒပြပွဲလေးတွေကို အကြောင်းပြပြီး ထရန့်က စစ်တပ် စေလွှတ်ဖို့ စီစဉ်တာအတွက် ပေါ့ပ်လန်းမြို့ အုပ်ချုပ်ရေးနဲ့ အော်ရီဂွန်ပြည်နယ် အစိုးရရှေ့နေချုပ်ရုံးတို့က အစိုးရကို တရားစွဲဆိုထားပြီး ဖြစ်ပါတယ်။
Ref:Reuters

