နေပြည်တော် ၊ အောက်တိုဘာ ၂၉
နိုင်ငံအတွင်းက လူငယ်တွေကြားမှာ ပြည်ပရွှေ့ပြောင်းသွားလာမှု မြင့်မားနေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အောက်တိုဘာ ၂၇ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ၂၀၂၄ ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ပြည်ထောင်စု အစီအရင်ခံစာ ထုတ်ပြန်ခြင်း အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။
စစ်ခေါင်းဆောင်က လူငယ်တွေ ပြည်ပ ရွှေ့ပြောင်း သွားလာမှု မြင့်မားနေပေမယ့် တစ်ချိန်က မွေးနှုန်း မြင့်မားခဲ့တဲ့ အကျိုးဆက်ကြောင့် အလုပ်လုပ်နိုင်တဲ့ လူငယ်လူရွယ်တွေ အရေအတွက်ဟာ များပြားနေဆဲ ဖြစ်တယ်လို့ ပြန်ဖာတေး ပြောဆိုခဲ့ပါသေးတယ်။
ပြည်ပ ရွှေ့ပြောင်းခြင်းဟာ မိမိတို့ နိုင်ငံရဲ့ လူမှုစီးပွားရေး အခြေအနေ၊ နိုင်ငံရေး တည်ငြိမ်မှု၊ ပြည် တွင်းမှာရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းနဲ့ အိမ်နီးချင်း နိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု အပေါ် မူတည် နေတာကြောင့် မိမိတို့ နိုင်ငံ အတွက် ရေရှည်ဖွံ့ဖြိုးမှုကို ဦးတည်ထိန်းညှိနိုင်မယ့် စီမံချက်တွေ ချမှတ် ဆောင်ရွက်ရမယ်လို့ ဆိုပါတယ်။
အလုပ်သမား အရေး ဆောင်ရွက်နေသူ တစ်ဦးကတော့ လူငယ်တွေ ပြည်ပ ထွက်ခွာမှုများလာတာဟာ အလုပ်အကိုင် မကောင်းတာ၊ နိုင်ငံရေး မတည်ငြိမ်တာ၊ လုပ်ခလစာ နည်းတာ၊ ဘေကင်း လုံခြုံမှု မရှိတာ အပြင် စစ်မှုထမ်း ဆင့်ခေါ်မှုတွေကြောင့် ဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“လူငယ်တွေ ပြည်ပထွက်ခွာမှု မြင့်တက်တယ်ဆိုတာကတော့ ပြည်တွင်းမှာရှိတဲ့ အလုပ်အကိုင်တွေ မကောင်းလာတာ တစ်ချက်ပေါ့နော်။ တိုင်းပြည်ရဲ့ နိုင်ငံရေး မတည်ငြိမ်ဘူး။ ရှိပြီးသား ဒေသတွေမှာ နေထိုင်လို့ မရတဲ့ ကိစ္စတွေလည်း ပါတယ်။ နောက်ပြီးကျတော့ အလုပ်အကိုင်ရှိတဲ့ နေရာတွေမှာလည်း အလုပ်အကိုင်တွေက မကောင်းဘူး။ အလုပ်ရှိလို့ ရှိရင်လည်း လုပ်ခလစာက သိပ်နည်းတယ်။နောက်တစ်ချက်ကတော့ ဒီစစ်မှုထမ်း ဥပဒေဆင့်ခေါ်မှုကြောင့်လည်း ပါတာပေါ့နော်”လို့ ဆိုပါတယ်။
စစ်ကော်မရှင် ခေါင်းဆောင်ကတော့ လူငယ်တွေကို အကျိုးရှိရှိ ရင်းနှီးမြှုပ်နှံ ပေးခြင်းဖြင့် အနာဂတ်မှာ လူဦးရေ ဆုလာဘ်ရဲ့ ကောင်းကျိုးတွေကို ဖမ်းဆုပ်နိုင်မှာ ဖြစ်ပြီး လူငယ်တွေကို လျစ်လျူရှုထားပါက လူဦးရေဆိုင်ရာ ဝန်ထုပ်ဝန်ပိုးနဲ့အတူ တည်ငြိမ် အေးချမ်းမှု လျော့နည်းလာနိုင်သလို အဆိုးဆုံး အခြေအနေအဖြစ် လူဦးရေဆိုင်ရာ ဘေးအန္တရာယ် ဖြစ်သွားနိုင်တယ်လို့ ပြောပါတယ်။
လူငယ်တစ်ဦးကတော့ လူငယ်တွေ ပြည်ပ ရွှေ့ပြောင်းသွားလာမှု မြင့်တက်နေတာဟာ စစ်ကော်မရှင်ရဲ့ ပေါ်တာဆွဲတာတွေကြောင့် အနာဂတ်ပျောက်ပြီး ပြည်ပထွက်ခွာကြတာဖြစ်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အဓိကကတော့ ကျွန်တော်တို့ လူငယ်ပိုင်းတွေ ဖြစ်နေတဲ့ ပြဿနာတွေက အဓိက ပေါ်တာဆွဲတာ အဲဒါကိုပဲ ကြောက်ရွံ့ပြီးတော့ သွားလာနေရတယ်။ ဒီလူငယ်တွေရဲ့ အနာဂတ်တွေ ပျောက်သွားတာပေါ့။ ဒီအတိုင်းပဲ ဒီလိုပဲ ပေါ်တာဆွဲလိုက် လုပ်လိုက်ဆိုရင်တော့ နောက်ပိုင်းမှာတော့ ကျွန်တော်တို့ ဒီမြန်မာနိုင်ငံမှာပေါ့ လူငယ်တွေက အသက်ပြည့်တဲ့ လူငယ် အများစုက ဘယ်လို ဖြစ်သွားနိုင်လဲဆိုတော့ ပြည်ပနိုင်ငံ နိုင်ငံခြားကို ရောက်သွားတာမျိုးတွေ ပြီးတော့ လွတ်မြောက်နယ်မြေတို့ ဘာတို့ ရောက်သွားတာတွေပဲရှိမှာပေါ့”လို့ ဆိုပါတယ်။
ဒါ့အပြင် လက်ရှိ အခြေအနေအရ ပြည်တွင်းမှာလည်း အလုပ်အကိုင် အခက်အခဲတွေ၊ ဝင်ငွေ ထွက်ငွေ မမျှတမှု ပြဿနာတွေ၊ အတင်းအဓမ္မ စစ်သား စုဆောင်းတာတွေ အပြင် အထွေထွေအကျပ်အ တည်းတွေကြောင့်လည်း လူငယ်အများစု ပြည်တွင်းမှာ မနေလိုကြတော့တာကို တွေ့နေရတယ်လို့ သူက ဆက်ပြောပါတယ်။
တဖက်မှာ စစ်ကော်မရှင် ခေါင်းဆောင်က လက်ရှိထုတ်ပြန်တဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်း အချက်အလက်တွေအရ မိမိတို့ နိုင်ငံရဲ့လူဦးရေဟာဆိုရင် ဆယ်စုနှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် လျော့ကျလာတာကို တွေ့ရတယ်လို့ ပြောပေမယ့် ဘယ်လောက် လျော့ကျ သွားလည်းဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုတာ မရှိပါဘူး။
အခုလို လူဦးရေ လျော့ကျလာတာဟာ မွေးဖွားနှုန်း ကျဆင်းတာ၊ ရွှေ့ပြောင်းသွားလာမှု မြင့်မားလာတာနဲ့ မိသားစု ပုံစံတွေ ပြောင်းလဲလာတာတွေကြောင့် ဖြစ်ပြီး အဲဒါဟာဆိုရင် စိန်ခေါ်မှု တစ်ခု ဖြစ်သလို အခွင့်အလမ်း တစ်ခုလို့လည်း မှတ်ယူနိုင်တယ်လို့ စစ်ကော်မရှင် ခေါင်းဆောင်က ဆိုပါတယ်။
စစ်ကော်မရှင်ရဲ့ ၂၀၂၄ ခုနှစ် သန်းခေါင်စာရင်းအရ စာရင်း ကောက်ယူနိုင်ခြင်း မရှိတဲ့ ဒေသတွေက ခန့်မှန်းလူဦးရေ ၁၉ ဒသမ ၂ သန်း အပါအဝင် မြန်မာနိုင်ငံရဲ့ လူဦးရေ စုစုပေါင်း ၅၁ ဒသမ ၄ သန်း ရှိပြီး ပြည်ပ ရွှေ့ပြောင်း သွားလာမှုအနေနဲ့ စာရင်း ကောက်ယူခဲ့သော အိမ်ထောင်စုတွေရဲ့ ဖြေဆိုမှုအရ ပြည်ပမှာ နေထိုင်တဲ့ မြန်မာနိုင်ငံသား ၁ ဒသမ ၁၂ သန်းကျော် ရှိတယ်လို့ ဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

