ရန်ကုန်၊ အောက်တိုဘာ ၂၉
စစ်အုပ်စုကျင်းပမယ့် ရွေးကောက်ပွဲဟာ တရားမဝင်ကြောင်းနဲ့ နိုင်ငံတကာက အသိအမှတ် မပြုကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုအလုပ်ကော်မတီက တောင်းဆိုလိုက်ပါတယ်။
အောက်တိုဘာ ၂၈ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ “၂၀၂၀ ခုနှစ် ပါတီစုံ အထွေထွေရွေးကောက်ပွဲ၏ တရားဝင်မှုနှင့် လက်ရှိမြန်မာနိုင်ငံအခြေအနေနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်”ကြေညာစဉ် ထည့်သွင်းတောင်းဆိုခဲ့တာပါ။
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုဖို့နဲ့ တရားမဝင်ရွေးကောက်ပွဲရလဒ်အရ ပေါ်ထွန်းလာမယ့်အဖွဲ့သစ်နဲ့ ပူးပေါင်းဆောင်ရွက်တာ၊ ထောက်ပံ့ကူညီမှု မပေးဖို့နဲ့ ပိတ်ဆို့အရေးယူမှုတွေ ဆက်လက်ထား ရှိပေးဖို့ NLD က တိုက်တွန်းတာပါ။
ဒါ့အပြင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာပြည်သူတို့ရဲ့ ဆန္ဒအမှန်ကို လေးစားအသိအမှတ် ပြုဖို့၊ စစ်အုပ်စုရဲ့ အတုအယောင်ရွေးကောက်ပွဲအတွက် နည်းပညာအထောက်အပံ့နဲ့ငွေကြေး ဆိုင်ရာအကူအညီမှုတွေ ပေးအပ်ခြင်းမပြုဖို့နဲ့ ရွေးကောက်ပွဲလေ့လာသူတွေ စေလွှတ်ခြင်း မပြုဖို့ တိုက်တွန်ထားပါတယ်။
NLD ပါတီကတော့ စစ်အုပ်စုက အတုအယောင်ရွေးကောက်ပွဲကို အဓမ္မကျင်းပဖို့ ပြင်ဆင်တာဟာ မြန်မာနိုင်ငံပြိုကွဲမှုကို ဦးတည်စေပြီး ပဋိပက္ခများကိုသာ တိုးပွားလာစေမှာ ဖြစ်တာကြောင့် အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လက်မခံ၊ အသိအမှတ်မပြု၊ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးလို့ ကြေညာပါတယ်။
စစ်ကော်မရှင်ရဲ့ အတုအယောင်ရွေးကောက်ပွဲ လွတ်လပ်စွာဆန္ဒဖော်ထုတ်ခွင့်၊ စည်းရုံးခွင့်၊ နိုင်ငံရေးလှုပ်ရှားခွင့်တွေ လုံးဝမရှိတာ၊ စစ်ဘေးရှောင် ၃ ဒသမ ၆ သန်း ကျော်ရှိတဲ့အချိန်မှာ ရွေးကောက်ပွဲ ကျင်းပတာ၊ နိုင်ငံဧရိယာရဲ့ သုံးပုံတပုံလောက်မှာ ကျင်းပနိုင်တာ၊ရွေးကောက်ပွဲ ပထမပိုင်းအရ ပေါ်ပေါက်လာမယ့် လွှတ်တော်မှာ ရွေးကောက်ခံမဟုတ်တဲ့ စစ်တပ်ကိုယ်စားလှယ် ထက်ဝက်ကျော်ပါရှိနေတာကြာင့် ပြည်သူကို ကိုယ်စား ပြုမှု မရှိနိုင်ဘူးလို့ NLD ပါတီက ထောက်ပြထားပါတယ်။
NLD ပါတီကတော့ ၂၀၂၀ ခုနှစ်ပါတီစုံအထွေထွေရွေးကောက်ပွဲမှ တရားဝင် ရွေးချယ်တင်မြှောက်ထားတဲ့ အနိုင်ရ ပါတီခေါင်းဆောင်ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ နိုင်ငံတော် အတိုင်ပင် ခံပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ဒုတိယဥက္ကဋ္ဌ နိုင်ငံတော်သမ္မတကြီး ဦးဝင်းမြင့်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ အားလုံး လွတ်မြောက်ရေးဆောင်ရွက်ပေးဖို့ တောင်းဆိုထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

