ကျွန်းစု၊ အောက်တိုဘာ ၂၇
တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှာ စစ်ကော်မရှင်က ကျင်းပမယ့် အတုအယောင်ရွေးကောက်ပွဲအတွက် အားပေးကူညီသူအားလုံးကို စုံစမ်းသိရှိပါက ပြင်းထန်တဲ့ နည်းလမ်းနဲ့ ထိရောက်စွာ အရေးယူသွားမယ်လို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိပေးထုတ်ပြန်ပါတယ်။
စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲမှာ မြို့နယ်အတွင်းရှိ ရပ်ကျေး အုပ်ချုပ်ရေးအဖွဲ့ဝင်တွေအနေနဲ့ မဲစာရင်းပြုစုပေးတာ၊ ပြည်သူတွေကို မဲစာရင်းကြည့်ဖို့ ဖိအာပေးတာ၊ ပြည်သူဆန္ဒမပါဘဲ မဲပေးခြင်းတွေကို လုံးဝ မပြုလုပ်ကြဖို့ သတိပေးထားပါတယ်။
အခုလို သတိပေးတားမြစ်ထားတဲ့ကြားက လိုက်နာခြင်းမရှိဘဲ စစ်ကော်မရှင်ကို နိုင်ငံရေးအရ ထွက်ပေါက်ရဖို့အတွက် ပြည်သူသွေးနဲ့ ခင်းနေတဲ့လမ်းအား အားပေးကူညီနေသူတွေကို စုံစမ်းသိရှိပါက ပြင်းထန်တဲ့နည်းလမ်းနဲ့ ထိရောက်စွာ အပြစ်ပေးအရေးယူသွားမယ်လို့ ကျွန်းစုမြို့နယ် ပကဖ က ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် ကျွန်းစုမြို့နယ်အတွင်း စစ်ကော်မရှင်လက်အောက်ရှိ မြို့နယ်မှ ရပ်ကျေးအဆင့်အထိ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေရဲ့ အမည်စာရင်းနဲ့ နေရပ်လိပ်စာအပြည်အစုံကို ရရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။
နိုင်ငံအာဏာကို မတရားသိမ်းယူထားတဲ့ စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပ ခွင့်မရှိသလို ပြည်သူ့ဆန္ဒမပါဘဲ တရားမဝင် အတုအယောင်ရွေးကောက်ပွဲ လုပ်ကြံဖန်တီးတာဟာ ဒီမိုကရေစီလမ်းစဉ်ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်နေပြီး ပြည်သူ့အချုပ်အခြာအာဏာကို မတရားရယူဖို့ ကြိုးစာခြင်းသာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
စစ်ကော်မရှင် သက်ဆိုးရှည်ရေးအတွက် ဆောင်ရွက်နေတဲ့ တရားမဝင်အတုအယောင် ရွေးကောက်ပွဲနဲ့ အတုအယောင်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အား ဆန့်ကျင်ကြောင်းနဲ့ လုံးဝ ခွင့်ပြုမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ကျွန်းစု ပကဖ

