ဆိပ်ဖြူတိုက်ပွဲမှာ စစ်ကော်မရှင် တပ်သား ၇ ဦး သေဆုံး

မကွေး အောက်တိုဘာ ၂၇

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ စစ်ကော်မရှင်စစ်ကြောင်းတို့ တိုက်ပွဲ ဖြစ်ပွားပြီး စစ်ကော်မရှင်စစ်ကြောင်းဘက်က ၇ ဦးသေဆုံးတယ်လို့ Yenanthar Column တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၂၅ ရက်က အင်အား ၂၀၀ ပါ စစ်ကော်မရှင်ရဲ့ ကား ၁၅ စီးကို ဆိပ်ဖြူမြို့နယ် ဂွေးပင်ချောင်းကျေးရွာအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ချင်တောင်ရွာအနီးမှာ တိုက်ပွဲ ဖြစ်ပွားခဲ့တာပါ။

“မနေ့က ရန်သူဘက်က အထိနာတော့ စစ်ကြောင်းပြန်ဆုတ်သွားတယ်။ ဒီနေ့မှာတော့ အင်အားဖြည့်တင်းပြီး ချင်တောင်ရွာဘက်ကို စစ်ကြောင်းထိုးလာတယ်” လို့ မကွေးတိုင်း ပကဖ ရွေ့လျားစစ်ကြောင်း Yenanthar Column ကတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တိုက်ပွဲ ဖြစ်ပွားပြီးနောက် စစ်ကော်မရှင်က ကာကွယ်ရေးအဖွဲ့တွေရဲ့ စစ်ဆေးရေးဂိတ်တချို့ကို ဖျက်ဆီးခဲ့ပြီး စစ်ကြောင်းပြန်ဆုတ်သွားကာ အောက်တိုဘာ ၂၆ ရက်မှာ ဆိပ်ဖြူမြို့နယ် ချင်တောင်ရွာကို စစ်ကြောင်းပြန်ထိုးနေတယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ကား ၂ စီး ပျက်စီးကာ ၇ ဦးသေဆုံးပြီး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီစစ်ကြောင်းဟာ ကပစ၂၁၊ ကပစ၂၂၊ လကတ(၂၀၃၆)၊ လစခ(၉)၊ခလရ(၁၃)၊ တမခ(၈၈) တို့ ပူးပေါင်းစစ်ကြောင်းဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ တိုက်ခိုက်မှုကို မကွေးတိုင်း ပ.က.ဖ ရွေ့လျားစစ်ကြောင်း Yenanthar Column ၊ ပခုက္ကူခရိုင် အမှတ် (၁၉) တပ်ရင်း နဲ့ အမှတ်(၄)တပ်ရင်း တို့က ပူးတွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Yenanthar Column

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.