ရေးမြို့နယ်က နှင်းစုံ DKBA ဂိတ်ကို ရေးဘီလူးအဖွဲ့ ဝင်တိုက်
ရေး၊ အောက်တိုဘာ ၂၈
မွန်ပြည်နယ် ရေးမြို့နယ် နှင်းစုံကျေးရွာရှိ စစ်ကော်မရှင် လက်အောက်ခံ ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKBA စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ထံကနေ သိရပါတယ်။
တပ်အင်အား ၂၀ ကျော်နဲ့ တပ်စွဲထားတဲ့ DKBA စစ်ဆေးရေးဂိတ်ကို အောက်တိုဘာ ၂၇ ရက်နေ့ မနက် ၇ နာရီအချိန်လောက်မှာ ရေးဘီလူးအဖွဲ့က လျှပ်တပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီတိုက်ခိုက်မှုအတွင်း DKBA တပ်ဖွဲ့ဝင် လေးဦး သေဆုံးပြီး နှင်းစုံဂိတ်ခေါင်းဆောင် DKBA ဗိုလ်ကြီးအဆင့်ရှိ သိန်းတန်အပါအဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်း ဆောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။
DKBA ဂိတ် တိုက်ခိုက်မှုပြီးနောက် တပ်ပြန်ဆုတ်စဉ် ရေးဘီလူးအဖွဲ့က တပ်ဖွဲ့ဝင်တစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ပေမယ့် အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။
တိုက်ခိုက်မှုပြီးနောက် ရေးအခြေစိုက် စစ်ကော်မရှင်တပ်က နှင်းစုံကျေးရွာအနီး ပတ်ဝန်းကျင်ကို လက်နက်ကြီး ပစ်ကူပေးတာတွေ ရှိခဲ့ပြီး ပျက်စီးထိခိုက်မှု အသေးစိတ် မသိရသေးပါဘူး။
မွန်ပြည်နယ် ရေးမြို့နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်ကြောင်းထိုးတာနဲ့ လုံခြုံရေးအင်အား ပိုမိုတိုးမြှင့်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-ရေးဘီလူးအဖွဲ့

