နေပြည်တော် ၊ အောက်တိုဘာ ၂၅
စစ်ကော်မရှင်တပ်ရဲ့ အမြဲတမ်း စစ်မှုထမ်းနဲ့ ပြည်သူ့စစ်မှုထမ်းအဖြစ် တာဝန်ထမ်းဆောင်ဖူးတဲ့ စစ် မှုထမ်း ဟောင်းတွေကို ဌာနဆိုင်ရာ၊ ကုမ္ပဏီနဲ့ပုဂ္ဂလိကလုပ်ငန်းတွေမှာ ထည့်ပြီး အလုပ်အကိုင် ရရှိအောင် ဆောင်ရွက်နေတယ်လို့ စစ်ကော်မရှင်က ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ စစ်မှုထမ်းတာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှုကော်မတီရဲ့ ဒုတိယအကြိမ် ညှိနှိုင်းအစည်းအဝေးမှာ အဲဒီကော်မတီ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုခဲ့တာပါ။
အမြဲတမ်း စစ်မှုထမ်းနဲ့ ပြည်သူ့စစ်မှုထမ်းတွေကို တရားဝင် နုတ်ထွက်ခွင့် ရရှိပြီးပါက အသက်မွေး ဝမ်းကျောင်းဆိုင်ရာစက်မှု၊ လက်မှုအတက်ပညာတွေကို အဆင့်မီ သင်ကြားလေ့ကျင့်ပေးဖို့၊ သင် တန်းအောင်မြင်သူတွေကို သင်တန်းကျောင်းတွေက အသိအမှတ်ပြု လက်မှတ်တွေ ထုတ်ပေးဖို့ ညွှန်ကြားခဲ့ပါတယ်။
ဒါ့အပြင် အသက်မွေးဝမ်းကျောင်းသင်တန်း အမျိုးအစားအလိုက် အသိအမှတ်ပြု လက်မှတ်တွေအပေါ် အစိုးရဌာန၊ ကုမ္ပဏီနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေက အသိအမှတ်ပြုပြီး အလုပ်နေရာ ခန့်ထားဆောင်ရွက်ပေးရမယ်လို့ ဗိုလ်ချုပ်ကြီး မောင်မောင်အေးက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
CDM ဗိုလ်ကြီး ကောင်းသူဝင်းကတော့ စစ်ကော်မရှင်က စစ်မှုထမ်းဟောင်းတွေကို အလုပ်အကိုင် ပေးမယ်လို့ ပြောပေမယ့် စစ်တပ်ထဲဝင်ပြီး အကောင်းအတိုင်း ပြန်ထွက်ဖို့ဆိုတာ ခက်ခဲသလို တ ကယ်လို့ အလုပ်အကိုင် ပေးရင်တောင်မှ သူတို့နဲ့ နီးစပ်သူလောက်သာ ပေးနိုင်တယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်က ဌာနဆိုင်ရာ၊ ကုမ္ပဏီနဲ့ ပုဂ္ဂလိကလုပ်ငန်းတွေမှာ စစ်မှုထမ်းဟောင်းတွေကို အလုပ်အကိုင် ဖန်တီးပေးရင်တောင်မှ အရာရှိကြီးတွေလောက်သာ နေရာကောင်းရနိုင်ပေမယ့် တ ခြားအဆင့်တွေကတော့ အလုပ်အကိုင် ရရှိဖို့တောင် မသေချာဘူးလို့ သူက ဆက်ပြောပါတယ်။
တဖက်မှာ ဗိုလ်ချုပ်ကြီး မောင်မောင်အေးကတော့ စစ်မှုထမ်းဟောင်းတွေကို အလုပ်သမားဝန်ကြီး ဌာနအနေနဲ့ ပြည်တွင်း အလုပ်သမားကတ်နဲ့ ပြည်ပအလုပ်အကိုင် ရရှိအောင် ပြည်ပအလုပ်သမားကတ် ထုတ်ပေးဖို့အပြင် အေဂျင်စီတွေနဲ့ ဆက်သွယ်ပြီး အလုပ်အကိုင် ရှာဖွေပေးဖို့ပါ ညွှန်ကြားထားပါတယ်။
ပြည်သူ့စစ်မှုထမ်းတွေကိုလည်း တာဝန်ကျေပွန်စွာ ထမ်းဆောင်ပြီးပါက စစ်မှုမထမ်းဆောင်မီက တာဝန်ထမ်းဆောင်ခဲ့တဲ့ အစိုရဌာန၊ ကုမ္ပဏီ၊ ပုဂ္ဂလိကလုပ်ငန်းနဲ့ အဖွဲ့အစည်းတွေမှာ မူလအလုပ် အကိုင်၊ လုပ်ငန်းနေရာတွေအလိုက် ပြန်လည် ခန့်ထားနိုင်ရေး ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။
အာဏာသိမ်း စစ်ကော်မရှင်တပ်ဟာ စစ်မှုထမ်းဟောင်းတွေကို အလုပ်အကိုင် ဖန်တီးပေးဖို့အတွက် စစ်မှုထမ်း တာဝန် ကျေပွန်စွာ ထမ်းဆောင်ခဲ့သူများ အလုပ်အကိုင်ရရှိရေး စီမံခန့်ခွဲမှု ကော်မတီကို ပြီးခဲ့တဲ့ ဇူလိုင် ၈ ရက်နေ့ကတည်းက ဖွဲ့စည်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

