မွန်မှာ လောင်းကစားဝိုင်းတွေကြောင့် လူငယ်တွေ ပျက်စီးနေပေမယ့် စစ်ကော်မရှင် လျစ်လျူရှုထား

မော်လမြိုင် ၊ အောက်တိုဘာ ၂၅

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေကြောင့် လူငယ်တွေ ပျက်စီးနေပေမယ့် ပြည်နယ်စစ်ကော်မရှင်ဘက်က လျစ်လျူရှုထားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

မွန်ပြည်နယ်စစ်ကော်မရှင်ဟာ သူတို့ ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ လောင်းကစားဝိုင်းတွေကို ဘုရားပွဲ၊ ဆွမ်းကြီးလောင်းပွဲ၊ ကထိန်ပွဲ၊ ရာသီပွဲတော်တွေအပြင် ပျော်ပွဲရွှင်ပွဲဆိုတဲ့ အကြောင်းပြချက်ဖြင့် ပုံစံအမျိုးမျိုးနဲ့ ဖွင့်လှစ်ခွင့်ပြုထားတာပါ။

အခုလို စစ်ကော်မရှင်က အကြောင်းပြချက် အမျိုးမျိုးနဲ့ အခကြေးငွေ ယူကာ ရက်ရှည်ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်း တွေကြောင့် ဒေသတွင်းက လူငယ်တွေဟာ ငွေကြေး ဆုံးရှုံးမှု များပြီးနောက် အကျင့်စာရိတ္တတွေ ပျက်စီးလာတာ ဖြစ်ပါတယ်။

ဒေသခံ လူငယ် တစ်ဦးကတော့ စစ်ကော်မရှင်ဟာ ရပ်ကွက်ပွဲတွေကအစ လောင်းစကားဝိုင်းတွေ သွင်းပြီး ခွင့်ပြုထားတာကြောင့် တချို့ လူငယ်တွေအနေနဲ့ နေ့ခင်းကြောင်းတောင်မှာတော့ လုယက်မှုတွေ၊ ခိုးမှုတွေ ပိုလုပ်လာတယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ဒီနှစ်မှာတော့ ရပ်ကွက်ပွဲတွေကအစ လောင်းကစားဝိုင်းတွေ ထည့်သွင်းခွင့်ပြုထားတယ်။ ဆိုးကျိုးအနေနဲ့ကတော့ အခု လက်ရှိ ငွေရှားနေတဲ့အချိန်မှာ ဒီလို ကစားဝိုင်း လောင်းကစားဝိုင်းတွေ ပေါတဲ့အတွက်ကြောင့်မို့လို့ လုယက်မှုတွေ ခိုးမှုတွေ ပိုပြီးတော့ ဖြစ်လာတာပေါ့။ နေ့ခင်းကြောင်တောင်ကြီးမှာ ဆိုင်ကယ် လုသွားတာမျိုး ပိုက်ဆံအိတ် လုသွားတာမျိုး လည်ပင်ကနေ ဆွဲကြိုး ချွတ်သွားတယ်။ အဲလိုမျိုးတွေ လက်ရှိလည်း ဖြစ်နေတာပေါ့”လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်ဟာ လောင်းကစားဝိုင်းတွေကို ညလုံးပေါက် ရက်ရှည် ခွင့်ပြုထားတဲ့အတွက် လူငယ်တွေ ညလုံးပေါက် ကစားပြီး အလုပ်မသွားနိုင်တော့တာ၊ ငွေကြေး ဆုံးရှုံးမှုတွေ များလာတာတွေကြောင့် ကြံရာမရ ဖြစ်ကာ ခိုးဆိုးလုယက်မှုတွေ ပိုမိုကျူးလွန်လာပါတယ်။

စစ်ကော်မရှင် ဖွင့်လှစ်ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေကြောင့် လူငယ်တွေ ပျက်စီးပြီး ခိုးဆိုးလုယက်မှုတွေ ဆက်တိုက် ဆိုသလို ဖြစ်ပေါ်နေပေမယ့် အရေးယူဆောင်ရွက်တာ မရှိသလောက် နည်းပါးနေတာပါ။

ဒေသခံတွေရဲ့ ပြောပြချက်အရ လောင်းကစားဝိုင်းတွေကြောင့် ဒေသတွင်းမှာ ပုံစံအမျိုးမျိုးနဲ့ ခိုးယူမှုတွေ ရှိနေပြီး ခိုးယူမှု ကျူးလွန်သူတွေမှာ အသက်မပြည့်သေးတဲ့ လူငယ်တွေပါ ပါဝင်နေတယ်လို့ ဆိုပါတယ်။

ပြည်နယ်စစ်ကော်မရှင်ဟာ ပျော်ပွဲရွှင်ပွဲ အကြောင်းပြချက်တွေနဲ့ ရပ်ကွက်ပွဲတွေမှာကအစ လောင်းကစားဝိုင်းတွေကို အကြီးအကျယ် ထည့်သွင်းခွင့်ပြုထားပြီး ရရှိလာတဲ့ ငွေကြေးတွေကို အချင်းချင်းပြန်လည် ခွဲဝေယူတာတွေ ရှိနေပါတယ်။

စစ်ကော်မရှင်ရဲ့ ခွင့်ပြုထားတဲ့ လောင်းကစားဝိုင်းတွေကြောင့် မွန်ပြည်နယ်ကို လောင်းကစားပြည်နယ်အဖြစ် တင်စားခေါ်ဝေါ်မှုတွေအထိ ရှိလာပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.