မြန်မာ ကျားဖြန့်ဂိုဏ်းတွေရဲ့ Starlink အင်တာနက်လိုင်းကို ဖြတ်တောက်ထားတယ်လို့ SpaceX ပြော

စတားဘေ့စ်၊ အောက်တိုဘာ ၂၃

မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်း တည်နေရာတွေမှာ အသုံးပြုနေတဲ့ Starlink ဂြိုဟ်တု ဆက်သွယ်ရေးလိုင်းတွေကို ဖြတ်တောက်လိုက်ပြီလို့ ကမ္ဘာကျော် သူဌေးကြီး အီလွန်မက်စ် ပိုင်ဆိုင်တဲ့ SpaceX ကုမ္ပဏီက ပြောလိုက်ပါတယ်။

ထိုင်း-မြန်မာ နယ်စပ်တလျှောက်မှာ ကျားဖြန့်လုပ်ငန်း ၃၀ ကျော်လောက် လုပ်ကိုင်နေတယ်လို့ ယုံကြည်ရပါတယ်။

အဲဒီ ကျားဖြန့်လုပ်ငန်းတွေဟာ ကမ္ဘာတဝန်းက လူတွေကို ပြန်ပေးဆွဲခေါ်ယူကာ အတင်းအကြပ် လိမ်လည်ခိုင်းပြီးတော့ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ ရရှိနေပါတယ်။

Starlink ရဲ့ လုပ်ငန်းလည်ပတ်မှုဆိုင်ရာ အကြီးအကဲ လော်ရန် ဒရီယာက စည်းကမ်းချိုးဖောက်နေကြောင်း ဖော်ထုတ်တွေ့ရှိတဲ့ အချိန်တွေမှာပဲ ကြုံတောင့်ကြုံခဲ အခုလို ဆောင်ရွက်ရတာ ဖြစ်တယ်လို့ ပြောပါတယ်။

အကြီးဆုံး အဆောက်အဦဝင်းတွေထဲက တစ်ခု ဖြစ်တဲ့ KK Park ကို မြန်မာ စစ်တပ်က ဝင်ရောက် စီးနင်းကြောင်း သတင်းတွေမှာ ဖော်ပြထားပြီးနောက် Starlink ရဲ့ အခုလို ပြောဆိုမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

Starlink နည်းပညာကြောင့် အထူးသဖြင့် တရုတ် ရာဇဝတ်ဂိုဏ်းတွေဟာ အလှမ်းဝေးတဲ့ နယ်စပ်တွေကနေ လုပ်ငန်းလည်ပတ်လို့ ရနေတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောဆိုနေတာ ကြာပြီ ဖြစ်ပါတယ်။

ချစ်သူရည်းစား ဖြစ်ချင်ယောင်ဆောင်ပြီးတော့ လိမ်လည်တာနဲ့ မက်လုံး အမျိုးမျိုး ပေးပြီး ငွေကြေး ရင်းနှီးမြှုပ်နှံခိုင်းပြီး လိမ်လည်တာတွေ လုပ်နေတဲ့ အဲဒီ ကျားဖြန့်လုပ်ငန်းတွေကြောင့် မြန်မာနိုင်ငံဟာ နာမည်ကျော်နေပါတယ်။

ကျားဖြန့် ဂိုဏ်းတွေက အလုပ်သမားတွေကို တရားဝင် လစာကောင်းကောင်း အလုပ်တွေရမယ်လို့ လိမ်လည် ခေါ်ယူ ဖမ်းဆီးထားပြီး ရာဇဝတ်မှုတွေ ကျူးလွန်ခိုင်းနေတာ ဖြစ်ပါတယ်။

အလုပ်ချိန် အများကြီး အလုပ်လုပ်ကြသလို လိမ်ခိုင်းထားတဲ့ ပမာဏအတိုင်း မရှာပေးနိုင်ဘူးဆိုရင် ညှဉ်းပန်းနှိပ်စက်ခံရတာတွေ ရှိကြောင်း အသက်ရှင်လျက် ပြန်လွတ်လာသူတွေက ပြောပါတယ်။

အဲဒီလို ကြုံကြရသူ အများစုကတော့ အာဖရိကနိုင်ငံသားတွေ ဖြစ်ပါတယ်။

မြန်မာနိုင်ငံရှိ ကျားဖြန့်လုပ်ငန်းတွေ ရှိနေတယ်လို့ သံသယရှိတဲ့ နေရာတွေရှိ Starlink အင်တာနက် လိုင်းဖမ်းယူရေး ကိရိယာ ၂၅၀၀ ကျော်အတွက် အင်တာနက်လိုင်းကို ဖြတ်တောက်လိုက်ပြီလို့ ဒရီယာက လူမှုမီဒီယာ X ပေါ်မှာ ရေးသား ဖော်ပြထားပါတယ်။

မြန်မာ စစ်တပ်က KK Park ကို ဝင်ရောက် ရှင်းလင်းပြီး အလုပ်သမား ၂၀၀၀ ကျော်ကို လွှတ်ပေးခဲ့သလို Starlink လိုင်းဖမ်းစက် ၃၀ ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောထားပါတယ်။

အဆောက်အဦတွေရဲ့ ခေါင်မိုးတွေအပေါ်မှာ Starlink လိုင်းဖမ်းယူလို့ရတဲ့ စလောင်းတွေရှိနေတာကို ဓာတ်ပုံတွေမှာ မြင်တွေ့ရပါတယ်။

ဗီဒီယိုဖိုင်တစ်ခုမှာတော့ KK Park ကနေ ထောင်နဲ့ချီတဲ့ အလုပ်သမားတွေ ခြေလျင် ထွက်သွားကြတာကို တွေ့မြင်ရပါတယ်။

ဒါပေမဲ့ နယ်စပ်မှာ ကမ္ဘာတဝန်းက လူထောင်ပေါင်းများစွာကို အလုပ်စေခိုင်းထားတဲ့ တခြား ကျားဖြန့်လုပ်ငန်း ၃၀ ထက်မနည်း ရှိနေသေးတယ်လို့ သိရပါတယ်။

အဲဒီလုပ်ငန်းတွေကို မြန်မာ စစ်တပ်အပေါ် သစ္စာစောင့်သိတဲ့ လက်နက်ကိုင် အဖွဲ့တွေက စောင့်ကြပ် ကာကွယ်ပေးထားတာ ဖြစ်ပါတယ်။

အဲဒီလက်နက်ကိုင်အဖွဲ့တွေလည်း Starlink လိုင်း ဖြတ်တောက်ခံလိုက်ရပြီလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရပါဘူး။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.