ဂျီနီဗာ၊ အောက်တိုဘာ ၂၂
ဂါဇာ ကမ်းမြောင်ဒေသမှာ ကြုံတွေ့နေရတဲ့ ကျန်းမာရေး ဘေးအန္တရာယ်ဟာ လာမယ့် မျိုးဆက်များစွာအထိ ရှည်ကြာနေလိမ့်မယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO ညွှန်ကြားရေးမှူးချုပ်က သတိပေးလိုက်ပါတယ်။
ဒေါက်တာ တီဒရို့စ် အက်ဟာနန် ဂီဘရီယေဆုက ဂါဇာ ကမ်းမြောင်ဒေသနေ လူထုရဲ့ ရှုပ်ထွေးလှတဲ့ လိုအပ်ချက်တွေကို စတင်ဖြေရှင်းဖို့ အကူအညီတွေ အများကြီး တိုးမြှင့်ပေးဖို့ လိုအပ်နေတယ်လို့ ပြောလိုက်တာပါ။

ဟားမာ့စ်အဖွဲ့နဲ့ အပစ်အခတ် ရပ်စဲမှု အောက်တိုဘာ ၁၀ ရက်မှာ အသက်ဝင်ပြီးနောက်ပိုင်း အစ္စရေးက ဂါဇာသို့ ဆေးဝါးနဲ့ တခြား အကူအညီတွေ ပိုမို ဝင်ရောက်ခွင့် ပြုထားပေမယ့် ကျန်းမာရေးစနစ်ကို ပြန်လည် တည်ဆောက်ဖို့အတွက် လိုအပ်နေတာထက် အများကြီး လျော့နည်းနေတယ်လို့ ညွှန်ကြားရေးမှူးချုပ် တီဒရို့စ်က ပြောပါတယ်။
အမေရိကန် ကြားဝင် ညှိနှိုင်းပေးထားတဲ့ အချက် ၂၀ ပါ အပစ်ရပ် သဘောတူညီမှုအရ ဂါဇာသို့ အကူအညီပစ္စည်းတွေ ပိုမို ဝင်ရောက်ခွင့်ပြုပြီး လိုအပ်နေသူတွေဆီကို ဘယ်ဖက်ကမှ မတားဆီးဘဲ အရောက်ပို့ဆောင်ခွင့် ရရှိထားပါတယ်။

မိမိအနေနဲ့ အပစ်ရပ် သဘောတူညီမှုကို ကြိုဆိုပေမယ့် အကူအညီ ဝင်ရောက်ခွင့် တိုးပေမယ့်လည်း မျှော်လင့်ထားသလောက် တိုးလာတာ မရှိဘူးလို့ တီဒရို့စ်က ပြောပါတယ်။
ဂါဇာ ဒေသခံတွေ အငတ်ဘေးနဲ့ ရင်ဆိုင်နေရပြီး ဒဏ်ရာရသူတွေ အရမ်းများပြားနေသလို ကျန်းမာရေး စောင့်ရှောက်မှု စနစ်လည်း ပြိုလဲနေပြီလို့ သူက ဖြည့်စွက် ပြောပါတယ်။
ရေပေးဝေမှု အနှောင့်အယှက်ရှိနေတာနဲ့ ရေဆိုးထုတ်စနစ် မကောင်းတာကြောင်း ဂါဇာမှာ ရောဂါ ပျံ့နှံ့မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
အဲဒါတွေအပြင် လူသားချင်း စာနာထောက်ထားရေး အကူအညီ ရရှိနိုင်မှု အတားအဆီးတွေ ရှိနေတာကြောင့် မြေပြင်က ဆိုးရွားလွန်းတဲ့ အခြေအနေကို စကားလုံးတွေနဲ့ ပြောပြဖို့ မဖြစ်နိုင်ဘူးလို့ သူက ပြောပါတယ်။
လက်ရှိ ရင်ဆိုင်နေရတဲ့ အငတ်ဘေးနဲ့ စိတ်ကျန်းမာရေး ပြဿနာ လက်ရှိ နှုန်းအတိုင်း ဆက်လက် မြင့်တက်နေမယ်ဆိုရင် ဂါဇာမှာ ကျန်းမာရေး ပြဿနာဆိုးကို လာမယ့် မျိုးဆက်များစွာအထိ ဆက်လက် ခံစားကြရမှာ ဖြစ်တယ်လို့ တီဒရို့စ်က ဆိုတာပါ။
အောက်တိုဘာ ၁၉ ရက်က ဂါဇာမှာ အစ္စရေးတပ်ဖွဲ့ဝင်တွေကို ဟားမာ့စ် သေနတ်သမားတွေ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ၂ ဦး သေဆုံးသွားပြီးနောက် အစ္စရေးက အကူအညီ ပေးပို့မှုတွေကို ခေတ္တ ရပ်နားထားခဲ့ရပါတယ်။
ဂါဇာကို ဒေသခံတွေ ပြန်ရောက်လာကြပေမယ့် သူတို့ နေထိုင်ခဲ့တဲ့ ဒေသတွေဟာ မမှတ်မိနိုင်တော့လောက်အောင် ပျက်စီးနေပြီး ဂါဇာ ပြန်လည် တည်ဆောက်ရေး ဒေါ်လာ ၇၀ ဘီလီယံ ကျော် ကုန်ကျမယ်လို့ ခန့်မှန်းထား ပါတယ်။
Ref:BBC

