ထိုင်းဝန်ကြီးချုပ်ဟောင်း ပေသွန်ထန် ပါတီခေါင်းဆောင်ရာထူးက နုတ်ထွက်

ဘန်ကောက်၊ အောက်တိုဘာ ၂၂

မကြာသေခင်က ထိုင်းဝန်ကြီးချုပ် ရာထူးကနေ ထုတ်ပယ်ခံထားရတဲ့ ပေသွန်ထန် ရှင်နာဝါထရာဟာ သူ့ဖခင် တည်ထောင်ထားတဲ့ နိုင်ငံရေးပါတီရဲ့ ခေါင်းဆောင်ရာထူးကနေ အောက်တိုဘာ ၂၂ ရက်မှာ နုတ်ထွက်လိုက်ပါတယ်။

အသက် ၃၉ နှစ်အရွယ် ပေသွန်ထန်ဟာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တာ တစ်နှစ်တောင် မပြည့်ခဲ့ဘဲ ကမ္ဘောဒီးယားနဲ့ ဖြစ်ပွားတဲ့ နယ်စပ် ပြဿနာကို ကိုင်တွယ်ပုံနဲ့ပတ်သက်လို့ သြဂုတ်လက တရားရုံးရဲ့ ထုတ်ပယ်တာခံခဲ့ရတာပါ။

ရှင်နာဝါထရာ မိသားစုဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးလောကကို ဆယ်စုနှစ် နှစ်ခုကြာ ကြီးစိုးထားခဲ့ပြီး သူတို့မိသားစုဟာ စစ်တပ် လိုလားသူတွေ နန်းတော် လိုလားသူတွေရဲ့ အဓိက ရန်သူတွေလည်း ဖြစ်ပါတယ်။

ဒါပေမဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် တာဝန်ရှိစဉ်က ကျူးလွန်ခဲ့တဲ့ အကျင့်ပျက်ခြစားမှုတွေအတွက် အခုနှစ်အတွင်း ထောင်ချခံရတာ အပါအဝင် ရှင်နာဝါထရာ မိသားစုဟာ နိုင်ငံရေးအရ တရားဥပဒေအရ ဆုတ်ယုတ်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

မိမိရာထူးက နုတ်ထွက်လိုက်တာကြောင့် ပါတီအနေနဲ့ လုံးဝ ပြုပြင်ရေး လမ်းပွင့်သွားမှာ ဖြစ်ကြောင်း ပေသွန်ထန်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး သူရာထူးက နုတ်ထွက်သွားပြီ ဖြစ်ကြောင်း ဖူထိုင်းပါတီက အောက်တိုဘာ ၂၂ ရက် ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မိမိပါတီ ခေါင်းဆောင်ရာထူးကနေ နုတ်ထွက်လိုက်တာကြောင့် ပါတီအနေနဲ့ ရွေးကောက်ပွဲ အနိုင်ရရေး အဆင့်တိုးမြှင့်မှုတွေ ပြုလုပ်နိုင်တော့မှာ ဖြစ်တယ်လို့ ပေသွန်ထန်က ပြောပါတယ်။

သူ့အနေနဲ့ ပါတီမှာ အဖွဲ့ဝင်အဖြစ် ဆက်ရှိနေမှာ ဖြစ်ပြီး နိုင်ငံအတွက် အလုပ်ကြိုးစားသွားမယ်လို့လည်း ပြောပါတယ်။

၁၉၉၀ ပြည့်နှစ်တွေက ဖူထိုင်းပါတီကို တည်ထောင်ခဲ့တဲ့ သက်ဆင်ဟာ ၂၀၀၆ စစ်တပ် အာဏာသိမ်းမှုအတွင်း ထုတ်ပယ်ခံခဲ့ရပြီး ပြည်ပမှာ ဆယ်နှစ်ကျော် တိမ်းရှောင်နေခဲ့ပါတယ်။

ပေသွန်ထန်ဟာ ရှင်နာဝါထရာ မိသားစုမှာ ဖခင်ဖြစ်သူ သက်ဆင်နဲ့ အဒေါ်ဖြစ်သူ ယင်လတ်တို့ ပြီးနောက် တတိယမြောက် ဝန်ကြီးချုပ် ဖြစ်လာသူ ဖြစ်ပါတယ်။

သူဟာ နိုင်ငံရေးမှာ လှုပ်ရှားနေဆဲ ဖြစ်တဲ့ နောက်ဆုံး ရှင်နာဝါထရာ မိသားစုဝင်လည်း ဖြစ်တာကြောင့် ထိုင်းနိုင်ငံရေးမှာ ရှင်နာဝါထရာ မိသားစု ခေတ် ကုန်ဆုံးတော့မှာလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။

Ref:AFP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.