ကျားဖြန့်ဂိုဏ်းက သတ်ပစ်လိုက်တဲ့ ဘီလာရုဇ် မော်ဒယ် မြန်မာနိုင်ငံဆီ အတင်းအကြပ် ခေါ်ဆောင်ခံရတာမဟုတ်ဘူးလို့ ထိုင်း ပြော

ဘန်ကောက်၊ အောက်တိုဘာ ၂၂

ကျားဖြန့် ဂိုဏ်းတစ်ဂိုဏ်းက သတ်ဖြတ်ပြီး ကိုယ်တွင်းအင်္ဂါတွေကို မှောင်ခို ဈေးကွက်မှာ ရောင်းစားပစ်လိုက်တယ်ဆိုတဲ့ ဘီလာရုဇ် မော်ဒယ်ဟာ အလုပ်လုပ်ဖို့ ဘန်ကောက်ကို ရောက်လာချိန်မှာ မြန်မာနိုင်ငံသို့ အတင်းအကြပ် ခေါ်ဆောင်ခံခဲ့ရတာ ဖြစ်တယ်ဆိုတဲ့ သတင်းတွေကို ထိုင်း လူဝင်မှုကြီးကြပ်ရေးဌာနက ငြင်းဆိုလိုက်ပါတယ်။

အဲဒီ သတင်းကို ရုရှားသတင်းဌာန Mash က အရင်ဦးဆုံး ဖော်ပြခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် Daily Mail နဲ့ The Sun သတင်းဌာနတို့က ဆက်လက် ဖော်ပြခဲ့ကြပြီး ပြီးခဲ့တဲ့ သီတင်းပတ်က လူမှုမီဒီယာတွေမှာ လူအများ ဝေမျှဖော်ပြခဲ့ကြပါတယ်။

အသက် ၂၆ နှစ်အရွယ် ဗီရာ ခရက်ဆိုဗာဟာ ဘန်ကောက်မှာ မော်ဒယ် အလုပ်အတွက် အင်တာဗျူးဖို့ စက်တင်ဘာလက ဘီလာရုဇ်ကနေ ထိုင်းကို ရောက်လာခဲ့တယ်လို့ အဲဒီ သတင်းတွေမှာ ဖော်ပြထားပါတယ်။

အဲဒီနောက် သူ့ကို မြန်မာနိုင်ငံသို့ ဖမ်းဆီးခေါ်ဆောင်သွားပြီး ကျားဖြန့်လုပ်ငန်းမှာ ကျေးကျွန် တစ်ယောက်လို အလုပ်စေခိုင်းခံခဲ့ရတယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

သူ့ရဲ့ အလုပ်တာဝန်ကတော့ အမြဲ လှပနေအောင် နေရမှာ ဖြစ်ပြီး အလုပ်ရှင်တွေအတွက် အမှုတော်ထမ်းရင်း ကမ္ဘာတဝန်းက လူချမ်းသာတွေကို လိမ်လည်ပြီး ငွေတောင်းယူပေးရမှာ ဖြစ်တယ်လို့ Mash သတင်းဌာနက ဖော်ပြပါတယ်။

ခရက်ဆိုဗာဟာ ခိုင်းတဲ့အတိုင်း ငွေတွေ မရှာပေးနိုင်တော့တဲ့ အချိန်မှာ ကျားဖြန့်လုပ်ငန်းက ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်ခံရပြီး သူ့ရဲ့ ကိုယ်တွင်း အင်္ဂါတွေကို မှောင်ခိုဈေးကွက်မှာ ရောင်းစားပစ်လိုက်တယ်လို့ အဲဒီ သတင်းမှာ ဖော်ပြခဲ့တာပါ။

သူ့ရဲ့ အလောင်းကို ပြန်လိုချင်ရင် ဒေါ်လာ ၅ သိန်း ပေးရမယ်လို့ သူ့မိသားစုဆီကို ကျားဖြန့်လုပ်ငန်းက ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ မိသားစုက ငွေမပေးနိုင်ဘူးလို့ ပြောလိုက်ချိန်မှာတော့ သူ့အလောင်းကို သင်္ဂြိုလ်လိုက်ပြီလို့ ကျားဖြန့်လုပ်ငန်းက အကြောင်းကြာလာခဲ့ပါတယ်။

အဲဒီဖြစ်ရပ်ဟာ မြန်မာနိုင်ငံ မြောက်ပိုင်း တစ်နေရာရာမှာ ဖြစ်ပွားခဲ့တာ ဖြစ်တယ်လို့ သတင်းတွေမှာ ဖော်ပြထားပြီး အသေးစိတ်ကိုတော့ မဖော်ပြထား ပါဘူး။

ဘန်ကောက်မှာ သူဘယ်သူတွေနဲ့ တွေ့ခဲ့သလဲ၊ မော်ဒယ် အလုပ်ရော လုပ်ခဲ့သလား စတဲ့ အသေးစိတ် အခြေအနေကို မသိရပါဘူး။

ထိုင်းနိုင်ငံရဲ့ ဘယ်နေရာကနေ သူ့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလဲ ဆိုတာနဲ့ ပတ်သက်ပြီးတော့လည်း သတင်းတွေမှာ အသေအချာ ဖော်ပြထားတာ မရှိပါဘူး။

ခရက်ဆိုဗာဟာ ထိုင်းကနေ မြန်မာနိုင်ငံထဲကို ပြန်ပေးဆွဲ ခေါ်ဆောင်ခံရတာ မဟုတ်ဘူးဆိုတာကို စုံစမ်း စစ်ဆေးမှုတွေက ဖော်ပြနေတယ်လို့ ထိုင်း လူဝင်မှုကြီးကြပ်ရေး ပြောရေးဆိုခွင့်ရှိသူ ရဲမှူးချုပ် ချိုအန်ဂရွမ်က အောက်တိုဘာ ၂၁ ရက်က ပြောပါတယ်။

သူဟာ စက်တင်ဘာ ၁၄ ရက်က သုဝဏ္ဏဘူမိ လေဆိပ်သို့ ရောက်ရှိလာခဲ့ပြီး စက်တင်ဘာ ၂၀ ရက် မနက် ၇ နာရီ မိနစ် ၂၀ က ထိုင်းလေကြောင်းလိုင်း TG 301 လေကြောင်း ခရီးစဉ်နဲ့ ရန်ကုန်သို့ ထွက်သွားခဲ့တယ်လို့ ရဲမှူးကြီးက ပြောပါတယ်။

သူဟာ ထိုင်း လဝက စစ်ဆေးရေးဂိတ်ကို ကိုယ်တိုင် ဖြတ်သန်း ထွက်ခွာသွားတာ ဖြစ်ပြီး တစ်ယောက်ယောက်က ဖမ်းဆီး အကြပ်ကိုင်ခေါ်ဆောင်သွားတဲ့ ပုံစံမျိုး မတွေ့ရကြောင်း လုံခြုံရေး ကင်မရာ ပုံရိပ်တွေမှာ မြင်တွေ့ရပါတယ်။

သူသတ်ဖြတ်ခံရတဲ့ ဖြစ်ရပ်ဟာ ထိုင်းနိုင်ငံ ပြင်ပမှာ ဖြစ်ပွားတာ ဖြစ်တဲ့ အတွက် ထိုင်းရဲတပ်ဖွဲ့က မသိရှိကြောင်းနဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပွားတဲ့ ကိစ္စဟာ မိမိတို့နဲ့ ပတ်သက်မှု မရှိဘူးလို့ ရဲမှူးကြီးက ပြောပါတယ်။

Ref:Bangkokpost

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.