ဝါရှင်တန်၊ အောက်တိုဘာ ၂၂
ယူကရိန်းမှာ ချက်ချင်း အပစ်အခတ်ရပ်စဲရေး မော်စကိုက ငြင်းဆိုခဲ့ပြီးနောက် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ကြား တွေ့ဆုံဆွေးနွေးမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ကြောင်း အရာရှိတွေက အောက်တိုဘာ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။
သမ္မတ ပူတင်နဲ့ သမ္မတ ထရန့်တို့ကြား များမကြာခင် တွေ့ဆုံမယ့် အစီအစဉ် မရှိသေးဘူးလို့ အိမ်ဖြူတော် အကြီးတန်းအရာရှိ တစ်ဦးက ရိုက်တာ သတင်းဌာနကို ပြောပါတယ်။

အခုသီတင်းပတ် ဘူဒါပက်စ်မြို့မှာ သမ္မတ နှစ်ဦး လူကိုယ်တိုင်တွေ့ဆုံရေး စီစဉ်ထားတာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယိုနဲ့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့တို့က ကန့်ကွက်ခဲ့ကြတယ်လို့ ဆိုပါတယ်။
ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ကြိုးပမ်းနိုင်ရေး ဟန်ဂေရီမှာ ပူတင်နဲ့ တွေ့ဆုံသွားမယ်လို့ ထရန့်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြောကြားခဲ့တာပါ။
ဒါပေမဲ့ မော်စကိုက လိုက်လျော ခွင့်ပြုတာတွေ လုပ်ဖို့ ငြင်းဆိုနေတာကြောင့် ကြိုတင်ပြင်ဆင်မှုတွေ ရပ်တန့်သွားခဲ့ရတာ ဖြစ်ပါတယ်။

အပစ်အခတ် ရပ်စဲမှု မစတင်ခင် ယူကရိန်းအနေနဲ့ နယ်မြေတွေ ပိုပြီး လက်လွှတ်ပေးဖို့ လိုတယ်လို့ ရုရှားက တောင်းဆိုခဲ့ပါတယ်။
ရုရှားက လူးဟန့်စ်ဒေသ တစ်ခုလုံး၊ ဒွန်နက်စ်ဒေသရဲ့ ၇၅ ရာခိုင်နှုန်း အပါအဝင် ဒွန်ဘတ်စ်ဒေသကို ရာနှုန်းပြည့် ထိန်းချုပ်ခွင့် ရရေး တောင်းဆိုထားတဲ့ အလွတ်သဘော စာတစ်စောင်ကို ဝါရှင်တန်ဆီ ပေးပို့ခဲ့တယ်လို့ အမေရိကန် အရာရှိ နှစ်ဦး အဲဒီကိစ္စနဲ့ နီးစပ်တဲ့ တခြား သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။
လက်ရှိ ရှေ့တန်းစစ်မျက်နှာတွေမှာ အပစ်အခတ်ရပ်စဲရေး ထရန့်က အဆိုပြုထားတာကို ရုရှားက ပယ်ချကြောင်း အဲဒီ စာရွက်စာတမ်းတွေမှာ ဖော်ပြထားတယ်လို့ သိရပါတယ်။
ရုရှားဟာ လိုချင်တာတွေ များလွန်းနေပြီလို့ ထင်ကြောင်း အကြီးတန်း ဥရောပ သံတမန် တစ်ဦးက ပြောပါတယ်။
ဆွေးနွေးမှုတွေ စတင်နိုင်ရေး လက်ရှိ ရှေ့တန်း စစ်မျက်နှာတွေရဲ့ အနေအထားအတိုင်း အပစ်ရပ်ရေး မော်စကိုအပေါ် ဆက်လက် ဖိအားပေးဖို့ ဥရောပခေါင်းဆောင်တွေက ဝါရှင်တန်ကို အောက်တိုဘာ ၂၁ ရက်က တိုက်တွန်းခဲ့ကြပါတယ်။
နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက်ရူတီဟာ အောက်တိုဘာ ၂၁ ရက်က ဝါရှင်တန်သို့ ရောက်ရှိလာပြီး ထရန့်နဲ့ ဆွေးနွေးသွားမှာ ဖြစ်ကြောင်း သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။
နှစ်နိုင်ငံ လက်ရှိ နယ်မြေတွေ သိမ်းယူထားမှုအပေါ် အခြေခံပြီး ညှိနှိုင်း အဖြေရှာရေးနဲ့ တိုက်ခိုက်မှုတွေ ချက်ချင်း ရပ်တန့်ရေး ဥရောပရဲ့ တစ်ညီတစ်ညွတ်တည်း သဘောထား ရပ်တည်ချက်ကို နေတိုး အတွင်းရေးမှူးချုပ် ရူတီက တင်ပြသွားဖို့ ရှိနေတယ်လို့ အနောက်တိုင်း အရာရှိတစ်ဦးက ဆိုတာပါ။
ပြီးခဲ့တဲ့ သီတင်းပတ်က ပူတင်ဆီ ဖုန်းနဲ့ ဆက်သွယ်ပြီး အိမ်ဖြူတော်မှာ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို လက်ခံတွေ့ဆုံခဲ့တဲ့ ထရန့်က သြဂုတ်လအတွင်း အလက်စကားမှာ ပူတင်နဲ့ တွေ့ဆုံမှု တစ်စုံတစ်ရာ အကြောင်းမထူး ဖြစ်ခဲ့ပြီးနောက် နောက်တစ်ကြိမ် တွေ့ဆုံနိုင်ဖို့ မျှော်လင့်ထားခဲ့တာ ဖြစ်ပါတယ်။
ဒါပေမဲ့ သမ္မတ နှစ်ဦး အောက်တိုဘာ ၂၃ ရက် ဘူဒါပက်စ်မြို့မှာ တွေ့ဆုံရေး ရူဘီယိုနဲ့ လက်ဗရော့တို့ ကြိုတင် ပြင်ဆင်ခဲ့ကြပေမယ့် တွေ့ဆုံမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားခဲ့ကြပါတယ်။
အပစ်ရပ်ရေး ရုရှားက ငြင်းဆိုလိုက်ပြီးနောက် ထရန့်က သူ့အနေနဲ့ အချိန်ဖြုန်းမယ့် တွေ့ဆုံမှုတွေကို အလိုမရှိဘူးလို့ ပြောပါတယ်။
အလေးအနက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ လိုအပ်ပြီး တွေ့ဆုံမယ့်ရက်ကို အပြီးသတ် မသတ်မှတ်ရသေးဘူးလို့ ကရင်မလင် နန်းတော်က ပြောပါတယ်။
သမ္မတ ထရန့်ကရော သမ္မတ ပူတင်ကပါ တွေ့ဆုံမယ့်ရက် အတိအကျကို မပြောသေးဘဲ နားလည်မှုမရှိ ဖြစ်နေတယ်လို့ ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က ပြောထားပါတယ်။
ဒီအတောအတွင်း ယူကရိန်းက ဗြိတိန်နိုင်ငံထုတ် Storm Shadow ဒုံးကျည်တွေနဲ့ ရုရှား ဓာတုစက်ရုံ တစ်ခုကို တိုက်ခိုက်ခဲ့ပြီး ရုရှားရဲ့ တိုက်ခိုက်မှုတွေကြောင့် ယူကရိန်း ချာနီကေ့ဗ်မြို့ တစ်မြို့လုံး အမှောင်ကျသွားခဲ့ရပါတယ်။
Ref:BBC

