ဆာနေး တာကာအီချီ ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာ

တိုကျို အောက်တိုဘာ ၂၁

ဆာနေး တာကာအီချီဟာ သမိုင်းဝင် ရွေးကောက်ပွဲမှာ အနိုင်ရပြီး ဂျပန်နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ် ဖြစ်လာပါတယ်။

ဂျပန်နိုင်ငံရဲ့ သံမဏိအမျိုးသမီးလို့ လူတွေ သိထားကြတဲ့ အသက် ၆၄ နှစ်အရွယ် ကွန်ဆာဗေးတစ် အမျိုးသမီးဟာ ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက် သက်ချာကို လေးစားအားကျသူ ဖြစ်ပါတယ်။

ဒါဟာ ဂျပန်ခေါင်းဆောင် ဖြစ်လာဖို့ သူ့ရဲ့ တတိယမြောက် ကြိုးပမ်းမှု ဖြစ်ပြီး သူ့ရဲ့ အရှုပ်တော်ပုံ ပေါ်နေတဲ့ လစ်ဘရယ် ဒီမိုကရက်တစ်ပါတီ LDP ပါတီရဲ့ ငါးနှစ်အတွင်း စတုတ္ထမြောက် ဝန်ကြီးချုပ် ဖြစ်လာပါတယ်။

သူဟာ LDP ပါတီရဲ့ သဘောထားတင်းမာတဲ့ အဖွဲ့ဝင် တစ်ယောက် ဖြစ်ပြီး ကွယ်လွန်သွားပြီ ဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ သြဇာခံ တပည့် ဖြစ်ပါတယ်။

သူဟာ ကြီးကျယ်တဲ့ ညဏ်ပညာရှိပြီး လူအများ လေးစားသူ ဖြစ်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အရင်က ပြောဆို ချီးကျူးခဲ့ဖူးပါတယ်။

ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြောက်ခံလိုက်ရတဲ့ တာကာအီချီ အနေနဲ့စီးပွားရေး နှေးကွေးနေမှုကို ပြင်ဆင်ရေး၊ အဆင်မပြေမှုတွေရှိတဲ့ ဂျပန်-အမေရိကန် ဆက်ဆံရေးကို ကောင်းမွန်အောင် လုပ်ဆောင်ရေး၊ အကွဲကွဲ အပြဲပြဲ ဖြစ်နေတဲ့ အာဏာရပါတီကို စည်းလုံးအောင် လုပ်ဆောင်ရေး စတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

သူ့ရဲ့ ဝန်ကြီးချုပ် ရာထူးစတင်ချိန် အကြီးမားဆုံး တာဝန်တစ်ခုအနေနဲ့ အခုလ နှောင်းပိုင်းမှာ ဂျပန်သို့ လာရောက်မယ့် အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်နဲ့ တွေ့ဆုံရေးပဲ ဖြစ်ပါတယ်။

အရင်က ဝန်ကြီးချုပ် ရှီဂီရူ အီရှီဘာဟာ ဝါရှင်တန်သို့ သွားရောက်ပြီး ကြိုတင် မှန်းဆရခက်တဲ့ ထရန့်နဲ့ တွေ့ဆုံဆွေးနွေးမှု အဆင်ပြေခဲ့ပါတယ်။

တာကာအီချီမှာ ကြိုတင်ပြင်ဆင် လေ့လာဖို့အချိန် အများကြီး မရှိပေမယ့် သူဟာ ထရန့်လိုပဲ လက်ယာယိမ်း လူပြိန်းကြိုက်ဝါဒီ တစ်ယောက် ဖြစ်တာကြောင့် နှစ်ဦးသား တွေ့ဆုံမှု အဆင်ပြေနိုင်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကျီယာကွန်းက ဂျပန် ရွေးကောက်ပွဲရလဒ်ဟာ ဂျပန်ရဲ့ ပြည်တွင်းရေးကိစ္စ ဖြစ်ပေမယ့် ထိုင်ဝမ်နဲ့ ပတ်သက်တဲ့ ကတိတွေကို အလေးထားဖို့ တိုက်တွန်း ပြောဆိုထားပါတယ်။

တာကာအီချီရဲ့ အစိုးရအဖွဲ့မှာ ရှင်ဇိုအာဘေးရဲ့ တပည့် ဆတ်ဆူကီ ကာတာယာမာဟာ ဘဏ္ဍာရေးဝန်ကြီး ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။

ဝန်ကြီးချုပ်ဟောင်း ဂျူနီချီရို ကိုအိဇုမိရဲ့သားဖြစ်သူ ရှင်ဂျီရို ကိုအိဇုမိကတော့ ကာကွယ်ရေးဝန်ကြီး ဖြစ်လာနိုင်ပါတယ်။

တာကာအီချီဟာ ဟဲဗီး မက်တယ် ဒရမ်တီးသူ တစ်ယောက် ဖြစ်ပြီး သူဒရမ်တီးတိုင်း ဒရမ်တီးတဲ့ တုတ်ချောင်းတွေ ကျိုးသွားတတ်တာကြောင့် အများကြီး ဆောင်ထားရလေ့ရှိတယ်လို့ သိရပါတယ်။

သူဟာ ရေငုပ်သမား တစ်ဦးလည်း ဖြစ်ပြီး ကားဝါသနာအိုး တစ်ဦးလည်း ဖြစ်ပါတယ်။ သူတက္ကသိုလ် တက်ချိန်မှာ သူ့မိဘတွေက သမီးမိန်းကလေးအတွက် တက္ကသိုလ်စရိတ် မပေးနိုင်ဘူးလို့ ပြောတာကြောင့် ကိုယ့်ကျောင်းစရိတ် ကိုယ်ရှာပြီး တက်ရောက်ခဲ့သူ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.