ဝါရှင်တန်၊ အောက်တိုဘာ ၂၁
အောက်တိုဘာ ၁၈ ရက်က အချေအတင် ဆွေးနွေးမှုအတွင်း အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်က ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေ အများအပြားကို လက်လွှတ်ပေးလိုက်ဖို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကို တိုက်တွန်းခဲ့တာကြောင့် ယူကရိန်း ကိုယ်စားလှယ်အဖွဲ့ စိတ်ပျက်ခဲ့ရကြောင့် အဲဒီ တွေ့ဆုံမှုနဲ့ နီးစပ်တဲ့ သတင်းရင်းမြစ် နှစ်ခုက ပြောပါတယ်။
ထရန့်က ယူကရိန်းသို့ Tomahawk ဒုံးကျည်တွေ ပေးပို့ဖို့လည်း ငြင်းဆိုလိုက်ပြီး ကိဗ်နဲ့ မော်စကို နှစ်ဖက်စလုံးကို လုံခြုံရေး အာမခံချက်ပေးဖို့လည်း အလေးအနက် စဉ်းစားနေတာကြောင့် ယူကရိန်း ကိုယ်စားလှယ် အဖွဲ့ စိတ်ရှုပ်သွားခဲ့တယ်လို့ အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဇီလန်စကီးနဲ့ တွေ့ဆုံပြီးနောက်မှာ ထရန့်က လက်ရှိ ရှေ့တန်း စစ်မျက်နှာတွေမှာ အပစ်အခတ်ရပ်စဲဖို့ လူသိရှင်ကြား တိုက်တွန်းခဲ့ပါတယ်။
ဇီလန်စကီးက သူ့အနေနဲ့ ရုရှားကို နယ်မြေတွေ ပေးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပြီးနောက် ထရန့်က ရုရှားသိမ်းထားတဲ့ နယ်မြေတွေကို လက်လွှတ်ပေးလိုက်ဖို့ အဆိုပြုခဲ့တာလို့ သိရပါတယ်။

ယူကရိန်းနဲ့ ရုရှားတို့အနေနဲ့ လက်ရှိ ရောက်ရှိနေတဲ့ နေရာတွေမှာ ရပ်တန့်ပြီး ငြိမ်းချမ်းရေးအတွက် အဖြေရှာကြဖို့ ထရန့်က တိုက်တွန်းခဲ့ပါတယ်။
ဇီလန်စကီးက ရုရှား နယ်မြေတွေထဲကို တိုက်ခိုက်နိုင်ရေး Tomahawk ဒုံးကျည်တွေ လက်ခံရရှိဖို့ မျှော်လင့်ထားချိန်မှာ ထရန့်ရဲ့ အခုလို ပြောဆိုမှုကြောင့် အကြီးအကျယ် စိတ်ပျက်သွားခဲ့တယ်လို့ ဆိုပါတယ်။
စက်တင်ဘာလက ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဇီလန်စကီးနဲ့ တွေ့ဆုံပြီးနောက် ထရန့်က ယူကရိန်းအနေနဲ့ ရုရှား သိမ်းပိုက်ထားတဲ့ နယ်မြေ အားလုံးကို ပြန်တိုက်ယူနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ နောက်ဆုံး တွေ့ဆုံချိန်မှာတော့ သဘောတူညီမှု မြန်နိုင်သမျှ မြန်မြန် ရရှိရေး ယူကရိန်းက လိုက်လျော ခွင့်ပြုမှုတွေ လုပ်ဖို့ တိုက်တွန်း ပြောကြားခဲ့တာ ဖြစ်ပါတယ်။
ယူကရိန်းနဲ့ ရုရှားကြား နယ်မြေတွေ အပြန်အလှန် လဲလှယ်နိုင်ခြေနဲ့ ပတ်သက်လို့ အမေရိကန် အရာရှိတွေ အကြိမ်ကြိမ် အဆိုပြုခဲ့တာပါ။
ဒါပေမဲ့ ထရန့်က နှစ်နိုင်ငံကြား သဘောတူညီမှု မြန်မြန် ရရှိရေး အရေးကြီးကြောင်း ပြောဆိုခဲ့တယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။
ထရန့်နဲ့ ဆက်သွယ် ပြောဆိုမှုအတွင်း ရုရှားသမ္မတ ပူတင်က ယူကရိန်း နယ်မြေတွေနဲ့ ယူကရိန်း သိမ်းထားတဲ့ ရုရှား နယ်မြေတွေကို လဲလှယ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းအနေနဲ့ စစ်ပွဲမှာ အနိုင်မရနိုင်ဘူးလို့ ထရန့်က ပြောကြားခဲ့ပြီးနောက် စစ်ပွဲဆိုတာ ကြိုတင် ခန့်မှန်းရခက်တာကြောင့် ဘာမဆို ဖြစ်လာနိုင်တယ်လို့ လေသံလျှော့ချ ပြောဆိုသွားပါတယ်။
Ref:Reuters

