ဝါရှင်တန်၊ အောက်တိုဘာ ၂၁
မြေရှားဈေးကွက်မှာ တရုတ် ကြီးစိုးထားမှုကို တိုက်ဖျက်ရေး ထရန့်အစိုးရက နည်းလမ်း ရှာဖွေနေချိန် အမေရိကန်နဲ့ သြစတြေးလျတို့ မြေရှားသတ္တုနဲ့ တခြား အရေးကြီးတဲ့ သတ္တုများ ထောက်ပံ့မှု အားကောင်းလာစေဖို့ ရည်ရွယ်တဲ့ သဘောတူညီမှု တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပါတယ်။
သြစတြေးလျရဲ့ မိုင်းတွင်းလုပ်ငန်းနဲ့ သန့်စင်ထုတ်လုပ်နိုင်စွမ်းကို တိုးမြှင့်မယ့် ဒေါ်လာ ၈ ဒသမ ၅ ဘီလီယံ တန်ဖိုးရှိ လုပ်ဆောင်ဖို့ အသင့် စီမံကိန်းတွေကို အခု သဘောတူညီမှုက အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ သြစတြေးလျ ဝန်ကြီးချုပ် အန်တိုနီ အယ်ဘာနီးစ်က ပြောပါတယ်။

ဒီသဘောတူညီမှုမှာ လာမယ့် ခြောက်လအတွက် အမေရိကန်နဲ့ သြစတြေးလျမှာ နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမယ့် ဒေါ်လာ ၁ ဘီလီယံ ပါဝင်တယ်လို့ မူဘောင် သတ်မှတ်ချက်မှာ ဖော်ပြပါတယ်။
အမေရိကန်နဲ့ သြစတြေးလျတို့ဟာ အဲဒီ ကိစ္စရပ်တွေအတွက် ထရန့်ရဲ့ ပထမသမ္မတသက်တမ်းမှာကတည်းက လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပေမယ့် နောက်ဆုံး သဘောတူညီမှုက လက်တွဲလုပ်ကိုင်မှုကို နောက်တစ်ဆင့်ဆီ ရောက်ရှိစေမှာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် အယ်လာနီးစ်က ပြောတာပါ။
အောက်တိုဘာ ၂၀ ရက်က အမေရိကန်၊ ဗြိတိန်တို့နဲ့ သြစတြေးလျရဲ့ ဒေါ်လာ ဘီလီယံ များစွာ တန်ဖိုးရှိတဲ့ ရေငုပ်သင်္ဘော သဘောတူညီမှုနဲ့ ပတ်သက်လို့လည်း အမေရိကန်သမ္မတ ဒေါ်နယ် ထရန့်က အဲဒီ သဘောတူညီမှုကို အပြည့်အဝ ရှေ့ဆက် အကောင်အထည်ဖော်သွားမယ်လို့ ပြောပါတယ်။

အဲဒီ သဘောတူညီမှုဟာ “အမေရိကန် ပထမ” မူဝါဒနဲ့ အံဝင်ခွင်ကျ ရှိစေရေး အသေးစိတ်ကို ပြန်လည် သုံးသပ်သွားမယ်လို့ ထရန့်အစိုးရက အခုနှစ် စောစောပိုင်းက ပြောကြားခဲ့ပြီးနောက် သြစတြေးလျအနေနဲ့ သူတို့ရဲ့ သက်တမ်း ရင့်နေပြီ ဖြစ်တဲ့ ရေယာဉ်အုပ်စုနေရာမှာ အစားထိုးရေး အမေရိကန် ရေငုပ်သင်္ဘောတွေကို ဝယ်ယူနိုင်တော့မှာ မဟုတ်ဘူးဆိုတဲ့ စိုးရိမ်မှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။
သြစတြေးလျအနေနဲ့ ရေငုပ်သင်္ဘောတွေ လက်ခံ ရရှိမှာလားလို့ မေးမြန်းရာ ထရန့်က သြစတြေးလျအနေနဲ့ ရေငုပ်သင်္ဘောတွေ ရရှိမှာ ဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။
လက်ရှိမှာ တရုတ်က မြေရှားသတ္တု တူးဖော်မှု ၇၀ ရာခိုင်နှုန်းနဲ့ သန့်စင် ထုတ်လုပ်မှု ၉၀ ရာခိုင်နှုန်းကို ထိန်းချုပ်ထားပါတယ်။
မြေရှားသတ္တုတွေဟာ ကာကွယ်ရေးပစ္စည်းတွေက စပြီး ကွန်ပြူတာ ချပ်စ်တွေအထိ နည်းပညာမြင့် ပစ္စည်းများ ထုတ်လုပ်ရာမှာ မရှိ မဖြစ်လိုအပ်တဲ့ သတ္တုတွေ ဖြစ်ပါတယ်။
အမေရိကန်ဟာ မြေရှားသတ္တုအပေါ် အများကြီး မှီခိုနေရပြီး တရုတ်က အမေရိကန်ရဲ့ အခွန်အသစ်တွေနဲ့ တခြား တင်းမာမှုတွေကို တုံ့ပြန်တဲ့အနေနဲ့ မြေရှားသတ္တု ထောက်ပံ့မှုကို အခုနှစ်အတွင်း ကန့်သတ်လိုက်တာကြောင့် အမေရိကန်အတွက် အခက်အခဲတွေ ရှိလာခဲ့ပါတယ်။
အခု သဘောတူညီမှုက သြစတြေးလျရှိ သတ္တုသန့်စင်ရေး စက်ရုံတွေမှာ အမေရိကန် ရင်းနှီးမြှုပ်နှံမှုတွေအပါအဝင် စီမံကိန်း သုံးမျိုးမှာ ရင်းနှီးမြှုပ်နှံမှုတွေ မြန်ဆန်လာစေဖို့ ရည်ရွယ်တာ ဖြစ်တယ်လို့ ဝန်ကြီးချုပ် အယ်ဘားနီးစ်က ပြောပါတယ်။
သူတို့ နှစ်နိုင်ငံအနေနဲ့ ဈေးနှုန်း သတ်မှတ်တာ၊ ခွင့်ပြုချက် ထုတ်ပေးတာ၊ အဲဒီ ကဏ္ဍအတွင်း ကုမ္ပဏီတွေနဲ့ စီမံကိန်းတွေ ရောင်းချမှုကို အစိုးရက ပြန်လည် သုံးသပ်ရေး စည်းမျည်း ဥပဒေတွေ ထုတ်ပြန်တာမျိုးလို ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ လက်တွဲ အလုပ်လုပ်ဖို့လည်း သဘောတူထားပါတယ်။
သြစတြေးလျ အနောက်ပိုင်းမှာ တစ်နှစ်ကို တန်ချိန် ၁၀၀ အဆင့်မြင့် သန့်စင်ရေးစက်ရုံ တည်ဆောက်ရေးမှာလည်း အမေရိကန်က ရင်းနှီးမြှုပ်နှံသွားမှာ ဖြစ်ပြီး သွင်းကုန်-ပို့ကုန် ဘဏ်ကတဆင့် အရေးကြီးတဲ့ သတ္တု စီမံကိန်းများ ရှေ့တိုး ဆောင်ရွက်နိုင်ရေး ရန်ပုံငွေအဖြစ် ကန်ဒေါ်လာ ၂ ဒသမ၂ ဘီလီယံ ထည့်ဝင်ဖို့လည်း ဝါရှင်တန်က ပြင်ဆင်ထားပါတယ်။
Ref:BBC

