တရုတ်ကွန်မြူနစ်ပါတီ တံခါးပိတ် အစည်းအဝေးမှာ လာမယ့် ၅ နှစ်တာ အစီအစဉ် သမ္မတ ရှီ ရှင်းလင်း

ဘေဂျင်း၊ အောက်တိုဘာ ၂၁

နိုင်ငံကို အုပ်ချုပ်နေတဲ့ ကွန်မြူနစ်ပါတီရဲ့ အောက်တိုဘာ ၂၀ ရက် အဓိက အစည်းအဝေး စတင်တဲ့ရက်က မိန့်ခွန်းပြောကြားရာမှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က လာမယ့် ၅ နှစ်အတွက် တရုတ်နိုင်ငံရဲ့ ရည်မှန်းချက်တွေကို ချပြထားတဲ့ အစီအစဉ် အကြမ်း တစ်ရပ်ကို အတည်ပြုခဲ့ပါတယ်။

၂၀၂၆-၂၀၃၀ အထိ ဆောင်ရွက်သွားမယ့် အမျိုးသားစီးပွားရေးနဲ့ လူမှုရေး ဖွံ့ဖြိုးရေး လာမယ့် ၅ နှစ်တာ အစီအစဉ်အတွက် ပါတီခေါင်းဆောင်တွေရဲ့ အဆိုပြုချက် မူကြမ်းတွေနဲ့ ပတ်သက်လို့ ရှီကျင့်ဖျင်က ရှင်းလင်း ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင် ဆင်ဟွာသတင်းဌာနက ဖော်ပြပါတယ်။

ဒါပေမဲ့ တရုတ်နိုင်ငံက ဆောင်ရွက်သွားမယ့် လာမယ့် ၅ နှစ်တာ အစီအစဉ်ရဲ့ အသေးစိတ်ကို ဆင်ဟွာ သတင်းမှာ မဖော်ပြထားပါဘူး။

ရှည်ကြာနေတဲ့ စီးပွားရေး နှေးကွေးမှု၊ နောက်ဆုံးပေါ် နည်းပညာတွေ အသုံးပြုခွင့်ကို ပြည်ပနိုင်ငံတွေက ကန့်သတ် တားဆီးမှု၊ အမေရိကန်သို့ ပို့ဆောင်တဲ့ ကုန်ပစ္စည်းတွေအပေါ် အခွန် တိုးမြှင့် ကောက်ခံထားမှု အပါအဝင် တရုတ်နိုင်ငံအတွက် မသေချာ မရေရာမှုတွေနဲ့ စိန်ခေါ်မှုတွေ ပိုများလာနေတဲ့အချိန်မှာ အဲဒီ နောက်ဆုံးအစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမျိုးသားလုံခြုံရေးကာကွယ်မှု သေချာစေရေး၊ စီးပွားရေးဖွံ့ဖြိုးမှုရဲ့ အကျိုးကျေးဇူးတွေကို မျှတစွာနဲ့ ပိုမို ကျယ်ပြန့်စွာ ဖြန့်ဝေရေး၊ အရည်အသွေးမြင့် ဖွံ့ဖြိုးရေး၊ နည်းပညာ ဆန်းသစ် တည်ထွင်ရေးတို့ကို အဓိက လုပ်ဆောင်ဖို့ အဲဒီအစီအစဉ်က ရည်ရွယ်တာ ဖြစ်တယ်လို့ ဆင်ဟွာ သတင်းဌာန အယ်ဒီတာပိုင်းက ပြောကြားထားပါတယ်။

မိမိတို့ ရှေ့ဆက်သွားမယ့် လမ်းမှာ အတားအဆီးတွေနဲ့ စိန်ခေါ်မှုတွေ ရှိလာမှာ ဖြစ်ပြီး မိမိတို့အနေနဲ့ ကြီးမားတဲ့ စမ်းသပ်မှုတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ကြောင်း အန္တရာယ်တွေ၊ စိန်ခေါ်မှု အသစ်တွေ အများကြီးကို ဖြေရှင်းဖို့ မိမိတို့ ကြိုတင် ပြင်ဆင်ထားရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

တရုတ်အစိုးရအနေနဲ့ စီးပွားရေးနဲ့ လုံခြုံရေး အကျိုးစီးပွားတွေကို ဘယ်လို ဟန်ချက်ညီအောင် လုပ်ဆောင်မလဲ၊ သက်ကြီးရွယ်အိုတွေ ပိုများလာမှုကို ဘယ်လို စီမံမလဲ၊ စားသုံးသူ သုံးစွဲမှု ပိုများလာအောင် ဖွဲ့စည်းတည်ဆောက်ပုံ ဆိုင်ရာ အပြောင်းအလဲတွေ ဘယ်လို ရှိလာမလဲ ဆိုတာနဲ့ ပတ်သက်လို့ လေ့လာသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေက အဲဒီ အစည်းအဝေးကို စောင့်ကြည့်နေကြတာပါ။

အခုသီတင်းပတ် လေးရက်ကြာ အစည်းအဝေးမှာ မဲပေးခွင့်ရှိတဲ့ အဖွဲ့ဝင် ၂၀၀ နဲ့ ကွန်မြူနစ်ပါတီ ဗဟိုကော်မတီရဲ့ တခြား အဖွဲ့ဝင် ၁၇၀ တက်ရောက်နေပါတယ်။

အဲဒီ အဖွဲ့က လာမယ့် ၅ နှစ်တာ အစီအစဉ် မူကြမ်းကို အတည်ပြုသွားမှာ ဖြစ်ပေမယ့် မတ်လမှာ ကျင်းပမယ်လို့ မျှော်လင့်ရတဲ့ လွှတ်တော်ရဲ့ လာမယ့် အစည်းအဝေးမှာ တရားဝင် အတည်မပြုခင်အထိ အသေးစိတ် အချက်အလက်တွေ ထွက်ပေါ်လာဖို့ မရှိသေးပါဘူး။

အစည်းအဝေး မတိုင်ခင် တရုတ် ကာကွယ်ရေးဝန်ကြီးဌာနက အကျင့်ပျက်ခြစားမှု သံသယရှိတဲ့ အကြီးတန်း အရာရှိ ၉ ဦးကို ကွန်မြူနစ် ပါတီက ထုတ်ပယ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

သူတို့ထဲက ၈ ယောက်ဟာ ဗဟိုကော်မတီ အဖွဲ့ဝင်တွေ ဖြစ်ပြီး ပါတီကနေ သူတို့ကို ထုတ်ပယ်လိုက်တာကြောင့် ကော်မီမှာ လူစားထိုး ခန့်အပ်မှုတွေ ရှိလာမှာ ဖြစ်ပါတယ်။

Ref:AP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.