မော်စကို၊ အောက်တိုဘာ ၂၃
သမ္မတ ဗလာဒီမာ ပူတင်နဲ့ ဒေါ်နယ် ထရန့်ကြား ဒုတိယမြောက် တွေ့ဆုံ ဆွေးနွေးမယ့် အစီအစဉ်ကို ဆိုင်းငံ့ထားလိုက်ကြောင်း အမေရိကန်က ကြေညာခဲ့ပြီးနောက် တစ်ရက် အကြာမှာ နျူကလီးယား လက်နက်တွေ ပါဝင်တဲ့ အဓိက စစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်ခဲ့တယ်လို့ ရုရှားက အောက်တိုဘာ ၂၂ ရက်မှာ ပြောလိုက်ပါတယ်။
စစ်တပ်အကြီးအကဲ ဗိုလ်ချုပ် ဗာရီလီ ဂါရာစီမော့က အဲဒီ စစ်ရေး လေ့ကျင့်မှုတွေနဲ့ ပတ်သက်လို့ သမ္မတ ပူတင်ဆီ အစီရင်ခံနေပုံကို ကရင်မလင် နန်းတော်က ထုတ်ပြန်တဲ့ ရုပ်သံဖိုင်မှာ မြင်တွေ့ရပါတယ်။

အမေရိကန် ကုန်းတွင်းပိုင်းအထိ ပစ်ခတ်ရောက်ရှိနိုင်တဲ့ တိုက်ချင်းပစ် ပဲ့ထိန်း ဒုံးကျည်တွေအပါအဝင် မြေပြင်က ဒုံးကျည်ပစ်စင်တွေ၊ ရေငုပ်သင်္ဘောတွေနဲ့ လေယာဉ်တွေပေါ်ကနေ ဒုံးကျည်တွေ ပစ်လွှတ်ခဲ့တယ်လို့ ရုရှားက ပြောပါတယ်။
Tu-22M3 တာဝေး ဗုံးကြဲလေယာဉ်တွေ ဘော်လ်တစ်ပင်လယ်ပေါ်ကနေ ပျံသန်းခဲ့ပြီး နေတိုးအဖွဲ့လို ပြည်ပနိုင်ငံတွေက တိုက်လေယာဉ်တွေ လာရောက်နိုင်တဲ့ နေရာတွေမှာ စောင့်ကြပ်လိုက်ပါမှုတွေ ရှိခဲ့တယ်လို့ ရုရှား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

ယူကရိန်းစစ်ပွဲရဲ့ အရေးအကြီးဆုံး အချိန်တွေမှာ ယူကရိန်းနဲ့ အနောက်တိုင်းရှိ ယူကရိန်း မဟာမိတ်တွေကို သတိပေးတဲ့အနေနဲ့ ရုရှားရဲ့ နျူကလီးယား အင်အားနဲ့ပတ်သက်လို့ ပူတင်က အကြိမ်ကြိမ် ထုတ်ဖော်ပြောဆိုထားပါတယ်။
အခုလအတွင်း နေတိုးအဖွဲ့ကလည်း နျူကလီးယား တားဆီးရေး လေ့ကျင့်မှုတွေ ပြုလုပ်ခဲ့သေးတာပါ။
သံတမန်ရေး ကြိုးပမ်းမှုတွေ လနဲ့ချီပြီး ရပ်တန့်နေခဲ့ပြီးနောက် ဟန်ဂေရီမှာ တွေ့ဆုံဆွေးနွေးဖို့ ပူတင်နဲ့ထရန့်တို့ ပြီးခဲ့တဲ့ သီတင်းပတ်က သဘောတူခဲ့ကြပေမယ့် အိမ်ဖြူတော်က မဝေးတဲ့အချိန်မှာ အဲဒီလို တွေ့ဆုံမှု ရှိလာဦးမှာ မဟုတ်ဘူးလို့ အောက်တိုဘာ ၂၁ ရက်မှာ တုံ့ပြန်ထားတာပါ။
ပူတင်နဲ့ အချိန်ဖြုန်းမယ့် တွေ့ဆုံမှုမျိုး အလိုမရှိဘူးလို့ ထရန့်က ပြောထားပြီး သမ္မတနှစ်ဦး တွေ့ဆုံရေး လေးလေးနက်နက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဖို့ လိုတယ်လို့ ကရင်မလင်နန်းတော်က ပြောပါတယ်။
ရက်စွဲတွေ မသတ်မှတ်ရသေးပေမယ့် လေးလေးနက်နက် ကြိုတင် ပြင်ဆင်မှုတွေ အရင်လုပ်ဖို့ လိုအပ်ကြောင်းနဲ့ အချိန်ယူ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့က ဆိုတာပါ။
ပူတင်နဲ့ ထရန့်ကြား တွေ့ဆုံမယ့် အစီအစဉ်ကို လုံးဝ ဖျက်သိမ်းလိုက်တာ မဟုတ်ကြောင်းနဲ့ လောလောဆယ်မှာတော့ ဝါရှင်တန်က လာမယ့် အာရှခရီးစဉ်ကို အာရုံစိုက်နေတယ်လို့အမေရိကန်အရာရှိတစ်ဦးက ပြောပါတယ်။
ထရန့်က အပစ်ရပ်ရေး အဆိုပြုတာကို ရုရှားက ပယ်ချပြီး ယူကရိန်း နယ်မြေတွေကို အပိုင်ပေးရမယ်လို့ တောင်းဆိုခဲ့ပြီးနောက် နှစ်နိုင်ငံ သမ္မတတွေ တွေ့ဆုံမယ့် အစီအစဉ် နောက်ဆုတ်သွားတာ ဖြစ်ပါတယ်။
ထရန့်နဲ့ တွေ့ဆုံဖို့ရှိနေတဲ့ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် မက် ရူတီက စစ်ပွဲ အဆုံးသတ်စေရေး သဘောတူညီမှု တစ်ခု ရရှိမယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။
ဒီအတောအတွင်း ရုရှားနဲ့ယူကရိန်းတို့ အပြန်အလှန် တိုက်ခိုက်နေကြပြီး ယူကရိန်းမှာ လူသေဆုံးမှုတွေ ရှိသလို လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ယူကရိန်း စစ်တပ်က ဗြိတိန် နိုင်ငံထုတ် တာဝေး Storm Shadow ဒုံးကျည်တွေနဲ့ ရုရှား ဓာတုစက်ရုံ တစ်ခုကို တိုက်ခိုက်ခဲ့ပါတယ်။
Ref:Reuters

