ကွာလာလမ်ပူ အောက်တိုဘာ ၂၃
၄၇ ကြိမ်မြောက် အာဆီယံညီလာခံသို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်နဲ့ မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မှာ မဟုတ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါ အေဗရာဟင်က အတည်ပြုလိုက်ပြီးနောက် စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးဟော်ခန်းဆွမ်နဲ့ ကိုယ်စားလှယ်အဖွဲ့ အောက်တိုဘာ ၂၃ ရက် မနက် ၁၁ နာရီ ၃၅ မိနစ်မှာ ကွာလာလမ်ပူ နိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်လာပါတယ်။
ရုရှားသမ္မတ ပူတင် ညီလာခံ တက်ရောက်မှာ မဟုတ်ဘဲ သူ့အစား ရုရှား လက်ထောက်ဝန်ကြီးချုပ် တက်ရောက်မှာ ဖြစ်ကြောင်း ဝန်ကြီးချုပ် အန်ဝါက အောက်တိုဘာ ၂၂ ရက်မှာ ပြောထားပါတယ်။

အာဆီယံအစည်းအဝေး တက်ရောက်ဖို့ အလေးအနက် စဉ်းစားနေကြောင်း ပူတင်က ဝန်ကြီးချုပ် အန်ဝါကို အရင်က ပြောခဲ့ဖူးပါတယ်။
မြန်မာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်လည်း အာဆီယံညီလာခံ တက်ရောက်မှာ မဟုတ်ကြောင်း အန်ဝါက အတည်ပြုထားပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အာဆီယံညီလာခံတွေမှာ မြန်မာနိုင်ငံအတွက် နေရာကို အလွတ်ထားရှိခဲ့ပြီးမှ နိုင်ငံရေးနဲ့ မသက်ဆိုင်တဲ့ ကိုယ်စားလှယ် တစ်ဦး တက်ရောက်ခွင့် ပေးခဲ့တာ ဖြစ်ပါတယ်။

အောက်တိုဘာ ၂၆ ရက်ကနေ ၂၈ ရက်အထိ ကွာလာလမ်ပူမြို့မှာ ကျင်းပမယ့် အာဆီယံညီလာခံသို့ အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် တက်ရောက်ဖို့ ရှိနေပါတယ်။
အဲဒီ ညီလာခံသို့ အာဆီယံအဖွဲ့ဝင် ၁၀ နိုင်ငံရဲ့ ခေါင်းဆောင်တွေအပြင် အမေရိကန်၊ တရုတ်၊ ဂျပန်နဲ့အိန္ဒိယ အပါအဝင် လက်တွဲဖော်နိုင်ငံတွေလည်း တက်ရောက်မှာ ဖြစ်ပါတယ်။
အာဆီယံညီလာခံမှာ မြန်မာ့အရေး၊ အမေရိကန်ရဲ့အခွန် တိုးမြှင့်ကောက်ခံမှု၊ ဒေသဆိုင်ရာ လုံခြုံရေးစတဲ့ ကိစ္စတွေကို အဓိကထား ဆွေးနွေးဖို့ ရှိနေပါတယ်။
ညီလာခံ ပြင်ပမှာ ထိုင်းနဲ့ကမ္ဘောဒီးယားတို့ ငြိမ်းချမ်းရေး သဘောတူညီမှု လက်မှတ်ရေးထိုးဖို့လည်း စီစဉ်ထားပေမယ့် အပြီးသတ် သဘောတူညီမှုတော့ မရရှိသေးပါဘူး။
ဒါပေမဲ့ မိမိတို့ နှစ်နိုင်ငံကြား ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိရေး အခြေအနေ တိုးတက်မှု ရှိတယ်လို့ ထိုင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။
Ref:BERNAMA/Malaymail

