ဒေါ်လာသန်းပေါင်းများစွာ ကုန်ကျမယ့် ထရန်ရဲ့ ကပွဲခန်းမအတွက် အလှူရှင်စာရင်း အိမ်ဖြူတော် ထုတ်ပြန်

ဝါရှင်တန်၊ အောက်တိုဘာ ၂၃

သမ္မတ ဒေါ်နယ် ထရန့် အဆိုပြုထားတဲ့ စတုရန်းပေ ၉၀၀၀၀ အကျယ်ရှိ ကပွဲခန်းမ တည်ဆောက်ရေး ငွေကြေး လှူဒါန်းထားတဲ့ ကုမ္ပဏီကြီးတွေထဲမှာ Apple၊ Amazon၊ Lockheed Martin၊ Microsoft၊ Google၊ Coinbase၊ Comcast နဲ့ Meta ကုမ္ပဏီတို့ ပါဝင်ကြောင်း အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။

ကပွဲခန်းမကို သူကိုယ်တိုင်နဲ့ အလှူရှင်တွေ လှူဒါန်းထားတဲ့ ငွေတွေနဲ့ ဆောက်လုပ်မှာဖြစ်ပြီး အခွန်ထမ်း ပြည်သူတွေရဲ့ ငွေကို သုံးစွဲမှာ မဟုတ်ကြောင်း ထရန့်က အကြိမ်ကြိမ် ပြောဆိုထားပါတယ်။

အောက်တိုဘာ ၂၂ ရက်က ကပွဲခန်းမ တည်ဆောက်ရေး သူ့ရဲ့ အစီအစဉ်တွေနဲ့ ပတ်သက်လို့ ထရန့်က ဆွေးနွေးခဲ့ပြီး ဒေါ်လာ သန်း ၃၀၀ ကုန်ကျမယ်လို့ ပြောပါတယ်။

အဲဒီ ကပွဲခန်းမ တည်ဆောက်မှု စရိတ်ဟာ ဒေါ်လာ သန်း ၂၀၀ ရှိမယ်လို့ ထရန့် အစိုးရက အရင်က ခန့်မှန်းထားခဲ့တာ ဖြစ်ပါတယ်။

အိမ်ဖြူတော်ရဲ့ အရှေ့ဖက် အဆောင်ကို ဖြိုချပြီးတော့ ထရန့်က ကပွဲခမ်းမကြီး တည်ဆောက်ဖို့ စီစဉ်နေတာ ဖြစ်ပြီး အများပြည်သူ ရန်ပုံငွေတွေကို သုံးစွဲနိုင်ခြေနဲ့ပတ်သက်လို့ စိုးရိမ်မှုတွေ ရှိခဲ့ပြီးနောက် အိမ်ဖြူတော်က အခုလို အလှူရှင်များ စာရင်းကို ထုတ်ပြန်တာ ဖြစ်ပါတယ်။

ဒေါ်လာ သန်းပေါင်းများစွာ ကုန်ကျမယ့် ကပွဲခန်းမ တည်ဆောက်ရေး လှူဒါန်းထားတဲ့ ကုမ္ပဏီတွေ စာရင်းမှာ အမေရိကန်ရဲ့ ထိပ်တန်းကုမ္ပဏီတွေ ပါဝင်နေပေမယ့် ဘယ်ကုမ္ပဏီက ဘယ်လောက် ထည့်ဝင် လှူဒါန်းမယ် ဆိုတာကိုတော့ အိမ်ဖြူတော်က ဖော်ပြမထားပါဘူး။

ငွေကြေးလှူဒါန်းပေးမယ့် ကုမ္ပဏီပေါင်း ၄၀ နီးပါး ရှိပြီး ကပွဲခန်းမ စီမံကိန်းနဲ့ပတ်သက်လို့ အိမ်ဖြူတော်မှာ ညစာစားပွဲ ကျင်းပသွားဖို့ ရှိနေပါတယ်။

ထရန့်ရဲ့ ဒုတိယသမ္မတ သက်တမ်းအတွင်း ကုမ္ပဏီကြီး တချို့ဟာ တန်ဖိုးကြီးမားတဲ့ စာချုပ်တွေ ချုပ်ဆိုခွင့် ရရှိထားပြီးနောက် အခုလို ငွေလှူဒါန်းမယ့် အစီအစဉ် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အဲဒီ ကပွဲခန်းမဟာ လူ ၁၀၀၀ လောက်အထိ လက်ခံနိုင်မှာ ဖြစ်ပြီး နိုင်ငံတော်ညစာစားပွဲတွေလို အခမ်းအနားမျိုးတွေအတွက် သင့်တော်လိမ့်မယ်လို့ ထရန့်က ပြောဆိုထားပါတယ်။

Ref:CNN/ABC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.