မော်လမြိုင် ၊ အောက်တိုဘာ ၁၈
ကမ္ဘာ့ရွှေဈေးနဲ့အတူ ပြည်တွင်း ရွှေဈေး စံချိန်တင် မြင့်တက်လာပြီးနောက် အာဏာသိမ်း စစ်ကော်မ ရှင်က သူတို့ထုတ်တဲ့ ဘောက်ချာနဲ့သာ ရွှေအရောင်းအဝယ် ပြုလုပ်ကြဖို့ ညွှန်ကြားလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ် ပြောပါတယ်။
ရွှေဆိုင်တွေအနေနဲ့ အရင်က မိမိတို့ဆိုင် အမှတ်အသား ဘောက်ချာနဲ့ အရောင်းအဝယ် ပြုလုပ်နေရာမှ အခုအခါမှာတော့ စစ်ကော်မရှင် လက်အောက်ခံ သယံဇာတနဲ့သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန အမှတ်(၂) သတ္တုတွင်း လုပ်ငန်း ဘောက်ချာနဲ့သာ ရွှေအရောင်းအဝယ် ပြုလုပ်ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ရွှေအရောင်းအဝယ် ပြုလုပ်သူတွေဟာ စစ်ကော်မရှင်ထုတ် ဘောက်ချာရရှိဖို့အတွက် ဓာတ်သတ္တု (ရွှေ) ရောင်းဝယ်ခြင်း ဝန်ဆောင်မှု လုပ်ငန်း လိုင်စင် လျှောက်ထား ရမှာဖြစ်ပြီး လိုင်စင်ကျပါက သူတို့ ထုတ်ပေးတဲ့ ဘောက်ချာကို ဝယ်ယူအသုံးပြု ရမှာဖြစ်ပါတယ်။
ရွှေလုပ်ငန်းရှင် တစ်ဦးကတော့ စစ်ကော်မရှင်ရဲ့ ညွှန်ကြားမှုဟာ ရွှေဈေးနှုန်း ထိန်းချုပ်ဖို့ လုပ်ဆောင်တာ ဖြစ်ပေမယ့် ရွှေဈေးနှုန်းဟာ ကမ္ဘာ့ပေါက်ဈေး အတိုင်းရှိတာကြောင့် ဘယ်လိုမှ ထိန်းလို့ရမှာ မဟုတ်ဘူးလို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“အခုက ကမ္ဘာ့ရွှေဈေးက အရမ်းမြင့်တော့ သူတို့က ဈေးနှုန်း တည်ငြိမ်ရေးအတွက်နဲ့ ထိန်းချုပ်ဖို့ အတွက်လည်း ပါတယ်ပေါ့နော်။ ဒါပေမယ့် ထိန်းချုပ်လို့ မရဘူးလေ။ ရွှေဈေးကို ထိန်းချုပ်လို့ သူတို့ အဲဒီလိုပုံစံမျိုးနဲ့ သူတို့ ထိန်းချုပ်မယ် ဆိုလို့ရှိရင် အောင်မြင်မှာ မဟုတ်ဘူး။ ဒီဘောက်ချာ စာအုပ်နဲ့ ရွှေဈေးထိန်းလို့ မရဘူး။ ဘာလို့လဲဆိုတော့ ကမ္ဘာပေါ်မှာ ရွှေပေါက်ဈေးက ရှိနေပြီးသား။သူတို့က ကမ္ဘာ့ ပေါက်ဈေးထက် လျော့ပြီးတော့ ထိန်းမယ်ဆိုလို့ရှိရင် ဘယ်လိုမှ ထိန်းလို့မရဘူး”လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင် ထုတ်ပေးတဲ့ ဘောက်ချာနဲ့သာ အရောင်းအဝယ် ပြုလုပ်ရမယ်လို့ ဆိုပေမယ့် သူတို့ သတ်မှတ်တဲ့ ရည်ညွှန်းဈေးဟာဆိုရင် ကာလပေါက်ဈေးအတိုင်း လက်တွေ့မကျသလို ဘယ်မှာမှ ဝယ်ယူလို့မရတဲ့ ဈေးနှုန်း ဖြစ်တာကြောင့် ရွှေဈေးနှုန်းတွေကို ထိန်းချုပ်နိုင်မှာ မဟုတ်ဘူးလို့ သူက ဆက်ပြောပါတယ်။
ဈေးကွက်အတွင်းမှာတော့ စစ်ကော်မရှင် ထုတ်ပေးတဲ့ ဘောက်ချာမှာ သူတို့ သတ်မှတ်တဲ့ ဈေးရေးပြီး ဆိုင်ဘောက်ချာမှာတော့ ကာလပေါက်ဈေးအတိုင်း ရေးကာ ရောင်းချတာရှိသလို တချို့ မှောင်ခို ရောင်းချမှုတွေပါ ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။
စစ်ကော်မရှင် လက်အောက်ခံ ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေးကော်မတီက စံချိန်မီရွှေ တစ်ကျပ်သားကို ကျပ် ၅,၉၉၀,၀၀၀ သတ်မှတ်ထားပေမယ့် ပြင်ပပေါက်ဈေးမှာတော့ ကျပ် ၈,၈၀၀,၀၀၀ ဝန်းကျင်ထိ မြင့်တက်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

