ဘီးလင်း၊ အောက်တိုဘာ ၁၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာမှာ စစ်ကော်မရှင်တပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် အရပ်သား ၃၀ ထက်မနည်း ဖမ်းဆီးစစ်ဆေးခံရပြီး ဖုန်းအလုံး ၃၀ ကျော် သိမ်းဆည်းခံလိုက်ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၁၆ ရက်နေ့ မနက်ပိုင်းက အလူးလေးကျေးရွာ အထပ်သားစက်ရုံအနီးမှာ ပတ်ကင်းထွက်လာတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်မိုင်း ၄ လုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ စစ်ကော်မရှင်တပ်ဟာ အထပ်သားစက်ရုံ အလုပ်သမားတွေအပါအဝင် အလူးလေးကျေးရွာ ဒေသခံ ၃၀ ထက်မနည်း ဖမ်းဆီးစစ်ဆေးခဲ့ပါတယ်။
အဲဒီနောက် စစ်ကော်မရှင်တပ်ဟာ ဖမ်းဆီးထားတဲ့ အရပ်သားပြည်သူ ၃၀ ကျော်ကို နေ့တဝက်နီးပါး စစ်ဆေးမေးမြန်းပြီးနောက် ပြန်လွှတ်ပေးခဲ့ပေမယ့် အထပ်သားစက်ရုံအနီး စားသောက်ဆိုင်ဖွင့်ထားတဲ့ ကိုချမ်းမြေ့နောင်ကို ရိုက်နက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
ဒေသခံတွေရဲ့ ပြောပြချက်အရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရိုက်နက်ဖမ်းဆီးခံရတဲ့ ကိုချမ်းမြေ့နောင်ဟာ စစ်ကော်မရှင်တပ် ဖမ်းဆီးခေါ်ဆောင်သွားစဉ် လမ်းတောင် မလျှောက်နိုင်တော့ဘူးလို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်ဟာ ဖမ်းဆီးခံလိုက်ရတဲ့ ကိုချမ်းမြေ့နောင်ရဲ့ စားသောက်ဆိုင်ကိုလည်း သုံးရက်အတွင်း ဖယ်ပေးဖို့နဲ့ မဖယ်ပေးရင်း မီးရှို့မယ်လို့ ခြိမ်းခြောက်သွားတာ ဖြစ်ပါတယ်။
ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအနီး စစ်ကော်မရှင်တပ် မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ ဖြစ်စဉ်အတွင်း တပ်ကြပ်ကြီး တစ်ဦးနဲ့ တပ်သား တစ်ဦး သေဆုံးပြီး ခြောက်ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media

