အာဏာသိမ်းကာလအတွင်း ဖွဲ့စည်းပုံ ပြင်ဆင်ဖို့ သဘောတူညီမှု ရရှိခဲ့တယ်လို့ စစ်ခေါင်းဆောင် ပြော

နေပြည်တော် ၊ အောက်တိုဘာ ၁၇

အာဏာသိမ်းကာလအတွင်း ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထဲက ၄၃ ချက်ကို ပြင်ဆင်ဖို့ သဘောတူညီမှု ရရှိထားတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၁၀ နှစ်ပြည့်အခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။

အမျိုးသားစည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSPNC အနေနဲ့ NCA ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့ ၊ NCA မရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့ အပါအဝင် နိုင်ငံရေးပါတီတွေနဲ့ အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီလို ဆွေးနွေးရာမှာ မြန်မာနိုင်ငံမှာ ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေဖို့ ပူးပေါင်းအကောင်အထည်ဖော်‌ရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံးရဲ့ လိုလားချက်ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်တို့ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ဖို့ပါ။

ဒါ့အပြင် ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော်ရေးနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ အချက် ၄၃ ချက်ကို ပြင်ဆင်နိုင်ရေး သဘောတူညီခဲ့ကြတယ်လို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါပေမယ့် ပြင်ဆင်မယ့် ဖွဲ့စည်းပုံအခြေခံဥပဒေပါ ၄၃ ချက်ရဲ့ သက်ဆိုင်ရာ ပုဒ်မအလိုက် အကြောင်းအရာ အသေးစိတ်ကိုတော့ ထည့်မပြောသွားခဲ့ပါဘူး။

စစ်အာဏာသိမ်းပြီး တစ်နှစ်ကျော်အကြာ ၂၀၂၂ ခုနှစ် ဧပြီနှောင်းပိုင်းမှာ စစ်ခေါင်းဆောင်က ငြိမ်းချမ်းရေးဆွေးနွေးဖို့ စတင်ကမ်းလှမ်းခဲ့ပါတယ်။အဲဒီကနေ စစ်တပ်အရာရှိတွေနဲ့ ဖွဲ့စည်းခဲ့တဲ့ NSPNC က ဦးဆောင်ကာ အပစ်ရပ်ထိုး EAO ၇ ဖွဲ့နဲ့ မထိုးထားတဲ့ EAO ၃ ဖွဲ့တို့ လက်ရှိအချိန်အထိ တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့တာပါ။

ဒါ့အပြင် NSPNC နဲ့ အာဏာသိမ်းမှုအတွင်း ပြန်လည်ဖွဲ့စည်းခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC နိုင်ငံရေးပါတီများအစုအဖွဲ့တို့ကလည်း ၂၀၂၂ ခုနှစ် ဧပြီ ၆ ရက်နေ့မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၆၁ ကို ပြင်ဆင်ဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

ပုဒ်မ ၂၆၁ ဟာ နိုင်ငံတော်သမ္မတက တိုင်းနဲ့ပြည်နယ်ဝန်ကြီးချုပ်တွေကို ခန့်အပ်တာဝန်ပေးရာမှာ တိုင်း ဒါမှမဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်တွေထဲက သတ်မှတ်အရည်အချင်းနဲ့ ပြည့်စုံတဲ့ သင့်လျော်သူတစ်ဦးကို ရွေးချယ်ရမယ်လို့ ပြဌာန်းထားတာပါ။

ဒီအချက်ကို ပြင်ဆင်ဖို့ သဘောတူထားတဲ့အတွက် လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ပေါ်လာမယ့် လွှတ်တော်ကနေ အတည်ပြုလိုက်ရင် ဥပဒေဖြစ်သွားမယ်လို့ အဲဒီတုန်းက နိုင်ငံရေးများပါတီအစုအဖွဲ့ ခေါင်းဆောင်ဖြစ်ခဲ့သူ စိုင်းအိုက်ပေါင်းက သံလွင်တိုင်းမ်ကို ပြောခဲ့ပါတယ်။

နိုင်ငံရေးဦးဆောင်မှု အခန်းကဏ္ဍမှာတော့ တပ်မတော်က အမြဲတမ်းဦးဆောင်ရမယ်ဆိုတဲ့ နေရာမှာ အတိုင်းအတာ တစ်ခုထိ ဦးဆောင်မှု ရှိရမယ်ဆိုတဲ့အချက်ကို စစ်တပ်ဘက်က အချုပ်အခြာအာဏာတည်မြဲရေးဆိုတဲ့ အချက်သုံးချက်အပေါ် အခြေခံပြီး တုံ့ပြန်ထားတယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ ပြင်ဆင်ဖို့ သဘောတူညီချက်တွေကို မကြာမီ ပေါ်‌ပေါက်လာတော့မယ့် လွှတ်တော်ကို တင်ပြပြီး အခြေခံဥပဒေပြင်ဆင်ရေးလုပ်ငန်းစဉ်တွေနဲ့အညီ ဆက်လက်ဆောင်ရွက်သွားရမယ်လို့ NCA အခမ်းအနားမှာ ပြောထားတာပါ။

အလားတူ ၂၀၁၇ ၊ ၂၀၁၈ နဲ့ ၂၀၂၀ ပြည့်နှစ်မှာ သဘောတူညီခဲ့တဲ့ ပြည်ထောင်စုသဘောတူညီချက် အစိတ်အပိုင်း (၁) ၊ (၂) နဲ့ (၃) ပါ ၇၂ ချက်ကိုလည်း ကိုယ်စားလှယ်အသီးသီးက လက်မှတ်ရေးထိုးပြီး ပြည်ထောင်စုလွှတ်တော်မှာ အတည်ပြုထားပြီးဖြစ်တယ်လို့ သူက ပြောဆိုထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.