မြဝတီ-ဝေါ်လေလမ်းပိုင်းမှာ တိုက်ပွဲပြင်းထန်နေ

မြဝတီ၊ အောက်တိုဘာ ၁၇

ကရင်ပြည်နယ် မြဝတီမြို့နယ် မြဝတီ-ဝေါ်လေလမ်းပိုင်း အင်ကြင်းမြိုင်ရွာနဲ့ မင်းလက်ပံရွာကြားမှာ စစ်ကြောင်းထိုးလာနေတဲ့ စစ်ကော်မရှင်တပ်စစ်ကြောင်းနဲ့ KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

မြဝတီ-ဝေါ်လေလမ်းပိုင်းကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်ကော်မရှင်တပ်စစ်ကြောင်းက ကရင်နယ်ခြားစောင့်တပ် GF ကူညီပေးမှုနဲ့ စစ်ကြောင်းထိုးလာခဲ့ရာ အောက်တိုဘာ ၁၅ ရက်နေ့ မနက်ပိုင်းက အင်ကြင်းမြိုင်ရွာထဲကို အင်အားအများအပြားနဲ့ တပ်စွဲနေရာယူခဲ့တာပါ။

စစ်ကော်မရှင်တပ်စစ်ကြောင်းဟာ အင်ကြင်းမြိုင်ရွာကနေတဆင့် မင်းလက်ပံရွာဘက်ကို ဦးတည်ပြီး စစ်ကြောင်းဆက်ထိုးလာခဲ့ရာ အင်ကြင်းမြိုင်နဲ့ မင်းလက်ပံရွာကြားမှာ KNLA တော်လှန်ရေးအင်အားစုတို့နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အောက်တိုဘာ ၁၆ ရက်နေ့အထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဒေသခံတစ်ဦးက ဆိုပါတယ်။

စစ်ကော်မရှင်တပ်က မြဝတီ-ဝေါ်လေလမ်းပိုင်းကို ပြန်လည်စိုးမိုးနိုင်ဖို့အတွက် ထိုးစစ်ဆင်နေစဉ်အတွင်း အဲဒီလမ်းပိုင်းကိုလည်း အောက်တိုဘာ ၁၅ ရက်နေ့က ပိတ်ထားလိုက်ပြီး အဲဒီအနီးအနားတဝိုက်မှာ သွားလာနေတဲ့သူတွေကို စစ်ဆေးမေးမြန်နေတာတွေ ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း ထိုင်းနိုင်ငံဘက်ခြမ်းကို ကျည်ဆံတချို့ ကျရောက်ပေါက်ကွဲခဲ့ပြီး အဆောက်အဦးအနည်းငယ် ထိခိုက်ပျက်စီးသွားခဲ့တယ်လို့ ထိုင်းဘက်ခြမ်းက သတင်းထုတ်ပြန်ထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့တောင်ဘက်ခြမ်းမှာရှိတဲ့ လေးကေကော်မြို့သစ်ကို စစ်ကြောင်းထိုးနေသလို မြဝတီ-ဝေါ်လေလမ်းပိုင်းမှာလည်း စစ်ကြောင်းထိုးနေတဲ့အတွက် လေးကေကော်အပါအဝင် ကျေးရွာ ၈ ရွာထက်မနည်းက ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU (ပုံဟောင်း)

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.