မော်လမြိုင် ၊ အောက်တိုဘာ ၁၈
မွန်ပြည်နယ်အေးချမ်းရေး လက်နက်ကိုင်အဖွဲ့တွေ တွေ့ဆုံအဖြေရှာဖို့ မွန်ညီညွတ်ရေးပါတီဥက္ကဌ ပြောဆိုမှုအပေါ် စစ်တပ်က ပြည်သူ့လက်ထဲ အာဏာပြန်အပ်ပြီး စစ်တန်းလျားပြန်မှသာ ရမယ်လို့ မွန်တော်လှန်ရေးအဖွဲ့တွေက တုံ့ပြန်လိုက်ပါတယ်။
မွန်ညီညွတ်ရေးပါတီ ဥက္ကဌ နိုင်လဝီအောင်က မွန်ပြည်နယ်အေးချမ်းဖို့ သက်ဆိုင်ရာ လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံတော်က တာဝန်ရှိသူတွေ အချိန်ယူပြီး တွေ့ဆုံဆွေးနွေးဖို့ NCA ၁၀ နှစ်ပြည့် နှစ်ပတ် လည်အခမ်းအနားမှာ VOM သတင်းဌာနကို ဖြေကြားခဲ့ပါတယ်။
ဒါ့အပြင် နိုင်ငံတော်က တာဝန်ရှိတဲ့သူတွေနဲ့ သက်ဆိုင်ရာ နိုင်ငံရေးအဖွဲ့အစည်းတွေ အားလုံး အကျိုး ဆောင်တွေလွှတ်ပြီး ဆွေးနွေးဖို့နဲ့ ပြည်တွင်းပြဿနာကို ပြည်တွင်းမှာ ရှင်းပြီး အချင်းချင်း ငြင်းခုံဆွေးနွေး အဖြေရှာကြရင် မဖြစ်နိုင်စရာ အကြောင်းမရှိဘူးလို့ ဆိုပါတယ်။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနမှူး နိုင်တလနိုင်က စစ်တပ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ဖို့ လိုသလို အာဏာကို ပြည်သူ့လက်ထဲ အပြည့်အဝ ပြန်အပ်နိုင်မှသာ မွန်ပြည်နယ်သာမက တစ်နိုင်ငံလုံး အေးချမ်းမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“မွန်ပြည်နယ်တင် မကပါဘူး။ တစ်နိုင်ငံလုံး အေးချမ်းဖို့အတွက်ဆိုရင် စစ်ကောင်စီက ပြည်သူလူထုအပေါ် ကျူးလွန်နေတဲ့ ရာဇဝတ်မှုတွေကို ရပ်တန့်ဖို့ လိုပါတယ်။ နောက်တစ်ခုက စစ်တပ်က စစ်တန်း လျားကို ပြန်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ ပြည်သူ့အာဏာကို ပြည်သူ့လက်ထဲ ပြန်ပြီးတော့ ထည့်ပေးရမှာဖြစ်ပါတယ်။ ရွေးကောက်ပွဲကို စစ်တပ်က လုပ်လို့ မရပါဘူး။ ဆိုတော့ အတိုက်အခံပါတီတွေ အကုန်လုံးပါတဲ့ ရွေးကောက်ပွဲလိုမျိုး ပြန်ကျင်းပပြီးတော့ ပြည်သူလူထုရဲ့ လက်ထဲကို အာဏာအပြည့်အဝ ပြန်ပြီးတော့ အပ်နိုင်မှသာ ဒီနိုင်ငံက အေးချမ်းမှာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။
အရပ်သားတွေကို ပစ်မှတ်ထားပြီး စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် အမျိုးမျိုးသော စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့အပေါ် တွေ့ဆုံဆွေးနွေးဖို့ ပြောဆိုနေကြသူတွေဟာ နိုင်ငံ ရေးသီလမရှိတဲ့သူတွေလို့ သူက မှတ်ချက်ပြုပါတယ်။
ရွေးကောက်ပွဲမဲမသမာမှု အကြောင်းပြချက်နဲ့ စစ်တပ်က နိုင်ငံ့အာဏာကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သိမ်းယူပြီးနောက်ပိုင်း မွန်နိုင်ငံရေးအင်အားစုတွေနဲ့ မွန်လူထုတွေကြား အမြင်သဘော ထားတွေ ကွဲလွဲခဲ့ကြပါတယ်။
အဲဒီအတွက်ကြောင့် မွန်အမျိုးသားလွတ်မြောက်ရေးအတွက် ဘုံရည်မှန်းချက်ဖြစ်တဲ့ အမျိုးသားတန်တူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည် ဆောက်ရေးမှာ ချဉ်းကပ်ပုံချင်း မတူညီခဲ့ကြပါဘူး။
အမျိုးသားလွတ်မြောက်ရေးအတွက် နှစ်ပေါင်း ၇၀ ကျော် လက်နက်ကိုင်တိုက်ပွဲဝင်ခဲ့တဲ့ မွန်ပြည်သစ်ပါတီက အာဏာသိမ်းမှုအတွင်း နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့သာ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ရပ်တည်လာခဲ့တာပါ။
အာဏာမသိမ်းခင်မှာ မွန်လူထုတွေရဲ့ ထောက်ခံမှုကို ရရှိခဲ့တဲ့ မွန်ညီညွတ်ရေးပါတီကလည်း စစ်ကောင်စီလက်ထက်မှာ ခင်းပေးတဲ့လမ်းအတိုင်း လျှောက်လှမ်းဖို့ ရွေးကောက်ပွဲအနိုင်ရ ကိုယ်စား လှယ်နှစ်ဦးကို စေလွှတ်ခဲ့ပါတယ်။
စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ အင်အားစုတွေကတော့ အာဏာသိမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအပြောင်းအလဲမှာ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ တည်ထောင်ပြီး တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
နိုင်လဝီအောင်ကတော့ သူနိုင် ကိုယ်နိုင် အပြိုင်ကြေးကပ်နေကြမယ်ဆိုရင် ပြည်သူတွေက စိတ်မအေးသလို လက်နက်ကိုင်အဖွဲ့တွေနဲ့ နိုင်ငံအတွက်လည်း မကောင်းတာကြောင့် မကြာ မကြာ တွေ့ဆုံမှုကနေ တဆင့်ပြီး တဆင့် အဖြေတစ်ခုရနိုင်မယ်လို့ ပြောဆိုခဲ့တာပါ။
ရေးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ YPDF ခေါင်းဆောင် ဗိုလ်ရန်နိုင်က အာဏာရှင်သက်ဆိုးရှည်အောင် သူ့ရဲ့ အကျိုးစီးပွားအတွက် ပြောတာဖြစ်ပြီး စစ်တပ်က စစ်တန်းလျားပြန်မယ်ဆိုရင် ဆွေးနွေးဖို့ စဉ်းစားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
စစ်တပ်က မတရား အာဏာသိမ်းတဲ့အပေါ် ပြည်သူတွေက လက်မခံတဲ့အတွက် ပြည်သူတွေကနေတဆင့် နွေဦးတော်လှန်ရေးရဲ့ စနစ်ပြောင်း လက်နက်ကိုင်တော်လှန်ရေး ပေါ်ပေါက်လာခဲ့တာလို့ တော်လှန်ရေးအဖွဲ့တွေက ပြောဆိုထားကြတာပါ။
လွတ်လပ်တဲ့ သုတေသန အဖွဲ့အစည်းဖြစ်တဲ့ ISP-Myanmar ရဲ့ အချက်အလက်တွေအရ အာဏာ သိမ်းပြီးနောက်ပိုင်း တစ်နိုင်ငံလုံးအတိုင်းအတာမှာ လက်နက်ကိုင်တပ်ဖွဲ့ပေါင်း ၅၀၀ ထက်မနည်း ပေါ်ပေါက်လာခဲ့တယ်လို့ သိရပါတယ်။
အဲဒီထဲမှာ မွန်လက်နက်ကိုင်အဖွဲ့တွေလည်း ပါဝင်ပြီး မွန်ပြည်သူတွေ လိုလားတဲ့ တန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိတဲ့ မွန်ပြည်တည်ဆောက်ရေးအတွက် အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေး ဖြစ်ပါတယ်။
ရာမညဖက်ဒရယ်အင်အားစုသစ် NRFF ပြောခွင့်ရ နိုင်ပီတာကတော့ မွန်ညီညွတ်ရေးပါတီ ဥက္ကဌက တွေ့ဆုံဆွေးနွေးဖို့ ပြောဆိုခဲ့မှုဟာ မွန်တစ်မျိုးသားလုံးကို လွှမ်းခြုံပြီး ကိုယ်စားမပြုနိုင်သလို မှန်ကန်တဲ့ လမ်းကြောင်းမဟုတ်ဘူးလို့ ပြောပါတယ်။
“ခဏသာငြိမ်းချမ်းဖို့အတွက် စစ်ဖိနှိပ်အောက် ဒူးထောက်ရမယ်ဆိုတဲ့ဟာက ကျွန်တော်တို့ လက်ရှိ နွေဦးတော်လှန်ရေးရဲ့ အော့ပရှင်းတစ်ခုမဟုတ်ဘူး။ ဆိုတော့ လက်ရှိ ပြည်သူ့တော်လှန်ရေးမှာ အဓိ က လိုလားတဲ့ စစ်အာဏာရှင်စနစ်ပြုတ်ကျဖို့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဖော်ဆောင်ဖို့ ဆိုတဲ့ အခြေအနေတွေဖြစ်တယ်။ ဆိုတဲ့အခါကျတော့ ဒီအခြေအနေမှာ သူ့ရဲ့ ပြောဆိုချက်ကတော့ မှန်ကန်တဲ့ လမ်းကြောင်းမဟုတ်ဘူးလို့ပဲ ပြောပါရစေ”လို့ ဆိုပါတယ်။
လက်ရှိမှာတော့ မွန်လက်နက်ကိုင်အဖွဲ့တွေက စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တော်လှန်နေကြပြီး တစ်ဘက်က အပစ်ရပ်ထိုးထားတဲ့ မွန်ပြည်သစ်ပါတီက တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းပေါ် ဆက်လက်လျှောက်လှမ်းနေပါတယ်။
ဒါ့အပြင် မွန်နိုင်ငံရေးပါတီတွေဖြစ်ကြတဲ့ မွန်ညီညွတ်ရေးပါတီနဲ့ မွန်တိုးတက်ရေးပါတီတို့ဟာ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
မွန်ပြည်နယ်အတွင်း လှုပ်ရှားနေကြတဲ့ မွန်လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေအပါအဝင် ဒေသအခြေစိုက် PDF နဲ့ အခြားသော မဟာမိတ်တပ်တွေကတော့ သူတို့ ထိန်းချုပ်လှုပ်ရှားနယ်မြေအတွင်း ရွေးကောက်ပွဲကျင်းပခွင့်ပြုမှာ မဟုတ်ဘူးလို့ ထုတ်ပြန်ထားကြတာပါ။
ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီတွေနဲ့ လူပုဂ္ဂိုလ်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြန်လည်အသက်သွင်းပြီး စစ်အာဏာရှင်ကို သက်ဆိုးရှည်အောင် ပြုလုပ်တဲ့ အဖွဲ့အစည်း/ပုဂ္ဂိုလ်အဖြစ် သတ်မှတ်မယ်လို့ ရာမညမွန်တပ်တော်က အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI

