နေပြည်တော် ၊ အောက်တိုဘာ ၁၈
အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး အဘက်ဘက်ကနေ ပူးပေါင်းသွားမယ်လို့ NCA ၁၀ နှစ်ပြည့်အခမ်းအနားကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် EAO ကိုယ်စား လှယ်တွေက ပြောဆိုကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။
စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် ကိုယ်စားလှယ်အဖွဲ့တွေက အောက်တိုဘာ ၁၇ ရက်နေ့မှာ သွားရောက်တွေ့ဆုံချိန် ပြောဆိုခဲ့တာပါ။
ရွေးကောက်ပွဲဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်တဲ့အတွက် လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပပြုနိုင်ရေး အဘက်ဘက်ကနေ ပူးပေါင်းပါဝင်သွားဖို့ ဖြစ်ပါတယ်။
နိုင်ငံတိုးတက်ရေးနဲ့ တည်ငြိမ်ရေးအတွက် ဆက်လက်ပါဝင်သွားမှာဖြစ်ပြီး NCA လမ်းကြောင်းပေါ် နိုင်ငံတော်နဲ့ တပ်မတော်ရဲ့ ဦးဆောင်မှုနဲ့ ခိုင်ခိုင်မာမာ ဆက်လက် လျှောက်လှမ်းသွားမယ့် အခြေအ နေတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။
ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ အစိုးရနဲ့အတူ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဆက်လက်ပါဝင် ပူးပေါင်းသွားမယ့် အခြေအနေတွေနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေကိုလည်း ဆွေးနွေးတင်ပြခဲ့ကြတယ်လို့ နိုင်ငံပိုင် ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။
ဒါ့အပြင် EAO ကိုယ်စားလှယ်အဖွဲ့တွေက NCA လက်မှတ်ရေးထိုးထားတဲ့ သူတွေဖြစ်တာနဲ့အညီ NCA လမ်းကြောင်းအတိုင်း နိုင်ငံအတွင်း ငြိမ်းချမ်းရေးရရှိရေးအတွက် ဆက်လက် ပူးပေါင်းသွားမယ့် အခြေအနေတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။
စစ်ခေါင်းဆောင်ကတော့ NCA ကို ဆက်လက် အကောင်အထည်ဖော်နိုင်ဖို့ ရွေးချယ်ခံအစိုးရ၊ လွှတ် တော်ရှိဖို့ လိုအပ်သလို NCA မှာ ပါဝင်ခဲ့ကြတဲ့ အဖွဲ့အစည်းတွေ အားလုံး ပါဝင်ဖို့လည်း လိုတာကြောင့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ဆောင်ရွက်နေတာလို့ ဆိုပါတယ်။
ဒ့ါအပြင် မြန်မာနိုင်ငံနဲ့ ကိုက်ညီတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်ဖို့ လိုအပ်ပြီး ဖက်ဒရယ်စနစ်မှာလည်း အလားတူဖြစ်တဲ့အတွက် ကွဲပြားခြားနားမှုတွေ ရှိပေမယ့်လည်း မိမိတို့အနေနဲ့ အကောင်းဆုံးဖြစ်အောင် ညှိနှိုင်းပေးသွားမယ်လို့ EAO ကိုယ်စားလှယ်အဖွဲ့တွေကို ပြောဆိုခဲ့တာပါ။
တပ်မတော်အနေနဲ့ တိုင်းပြည်ခွဲထွက်ရေးကို လုံးဝလက်မခံသလို ဒို့တာဝန်အရေးသုံးပါးကို လိုက်နာသွားမှာဖြစ်ပြီး လူအနည်းစုရဲ့ သဘောထားကို အလေးထားရမှာဖြစ်ပေမယ့် လူအများစုရဲ့ ဆန္ဒကိုလည်း အားလုံးက လေးစားလိုက်နာရမယ်လို့ ဆက်ပြောပါတယ်။
ဖြစ်ချင်တာထက် ဖြစ်သင့်တာ ဖြစ်နိုင်တာတွေကို လုပ်ဆောင်တာက နိုင်ငံတော်ရဲ့ အကျိုးကို ဆောင်ရွက်တာပဲဖြစ်တယ်လို့ နိုင်ငံ့အာဏာကို လက်နက်အားကိုးနဲ့ သိမ်းယူထားတဲ့ စစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။
EAO ကိုယ်စားလှယ်အဖွဲ့တွေထဲမှာတော့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP ၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် DKBA ၊ ကရင်အမျိုးသားအစည်းအရုံး-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC) ၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU ၊ မွန်ပြည်သစ်ပါတီ နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ ပါဝင်ပါတယ်။
အဲဒီအဖွဲ့တွေရဲ့ ဥက္ကဌ ၊ ဒုဥက္ကဌ အပါအဝင် အတွင်းရေးမှူး၊ ဗဟိုကော်မတီဝင်နဲ့ စစ်ရေးချုပ် စတဲ့ သက်ဆိုင်ရာအဖွဲ့တွေက ကိုယ်စားလှယ်တွေ တက်ရောက်ကြသလို NCA မှာ လက်မှတ်ရေးထိုးခဲ့သူ ဦးခွန်ဥက္ကာနဲ့ ဦးမျိုးဝင်းတို့လည်း တက်ရောက်ခဲ့တယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။တယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – MOI

