မကွေး၊ အောက်တိုဘာ ၁၈
မကွေးတိုင်း အမ်း-ပဒါန်းလမ်းမပေါ်မှာရှိတဲ့ စစ်ရေးအရ အလွန်အရေးပါတဲ့ နတ်ရေကန်ဗျူဟာကုန်းက စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေဟာ အာရက္ခတပ်တော်ထံ အလံဖြူထောင် လက်နက်ချအလင်းဝင်လာတာတွေ ဆက်တိုက်ရှိတယ်လို့ AA က ထုတ်ပြန်ထားပါတယ်။
အာရက္ခတပ်တော်အနေနဲ့ နတ်ရေကန်ဗျူဟာကုန်းအတွင်းရှိ သိမ်းပိုက်ဖို့ အနည်းငယ်သာ ကျန်ရှိနေတဲ့ လက်ကျန်နေရာအချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေတာကြောင့် စစ်ကော်မရှင်တပ်သားတွေဟာ ကစဉ့်ကလျား ထွက်ပြေးနေတာ ဖြစ်ပါတယ်။
အောက်တိုက်ဘာ ၁၇ ရက်နေ့မှာတော့ အချို့နေရာတွေရှိ စစ်ကော်မရှင်တပ်ဖွဲ့ဝင်အချို့ဟာ အာရက္ခတပ်တော်ထံ အလံဖြူထောင် လက်နက်ချ အလင်းဝင်လာရှိသလို အချို့ကို တိုက်ပွဲအတွင်း စစ်သုံ့ပန်းအဖြစ် လက်ရဖမ်းဆီးရမိခဲ့တယ်လို့ AA က ဆိုပါတယ်။
အာရက္ခတပ်တော် AA ထုတ်ပြန်ထားတဲ့ ဓာတ်ပုံမှတ်တမ်းအရ လက်နက်ချ အလင်းဝင်လာသူနဲ့ စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိတဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၁၁ ဦး ရှိပြီး စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ စောင့်ရှောက်ထားတယ်လို့ ဆိုထားပါတယ်။
တစ်ဖက်မှာလည်း အာရက္ခတပ်တော်နဲ့ ရင်ဆိုင်တိုက်ပွဲတွေမှာ အမြဲတမ်း ရှံးနိမ့်နေတဲ့ စစ်ကော်မရှင်တပ်ဟာ နတ်ရေကန်ဗျူဟာကုန်း မကျရေးအတွက် လေကြောင်းပစ်ကူ အဆက်မပြတ် ပစ်ကူပေးနေတဲ့ကြားမှ အာရက္ခတပ်တော်စစ်သည်တွေက အကောင်းဆုံး တန်ပြန်ခုခံစစ်နဲ့အတူ ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒါကြောင့် စစ်ကော်မရှင်တပ်ရဲ့ မတရားတဲ့နည်းနဲ့ စစ်မှုထမ်းဖို့ စုဆောင်းခံရတဲ့သူတွေအနေနဲ့ အာရက္ခတပ်တော်နဲ့ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့တွေကို ဆက်သွယ်ပြီး လက်နက်ချ အလင်းဝင်ကြဖို့ အသိပေး ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA

