ပြည်၊ အောက်တိုဘာ ၁၈
ပဲခူးတိုင်း ပြည်မြို့နယ် ပြည်အကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေ မိသားစုနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ WOPP က အောက်တိုဘာ ၁၇ ရက်နေ့မှာ အသိပေး ထုတ်ပြန်ပါတယ်။
နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေကို မိသားစုနဲ့ တရားဝင် စာရေးသားဆက်သွယ်ခွင့် ပိတ်ပင်ထားတာ အခုလ အောက်တိုဘာလအထိ သုံးလရှိပြီဖြစ်ပြီး ပြင်ပနဲ့ ဆက်သွယ်ခွင့်မရဘဲ သတင်းအမှောင်ချခံထားရတယ်လို့ ဆိုပါတယ်။
ဒီလို မိသားစုနဲ့ အဆက်အသွယ် ဖြတ်တောက်ခံထားရတာဟာ အရင်ထောင်ပိုင်ဟောင်း ပင်စင်ယူသွားပြီးနောက် အသစ်ပြောင်းလာတဲ့ ထောင်ပိုင် ဦးသော်လှိုင်ထွန်း ရောက်ရှိပြီးကတည်းကလို့ WOPP က ပြောပါတယ်။
ဒါ့အပြင် အကျဉ်းဝန်ထမ်းတွေဟာ နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေ သွားလာရာမှာ သူတို့နဲ့ ဘေးချင်းယှဉ်ပြီး လမ်းလျှောက်ရင်လည်း တွန်းချပစ်မယ်လို့ ပြောဆိုခြိမ်းခြောက်တာတွေ ရှိနေပါတယ်။
အကျဉ်းထောင်အတွင်းရှိ ဈေးဘားတွေမှာလည်း မိသားစုဝင်တွေ အပ်နှံထားတဲ့ ဈေးဘားငွေကို အရင်က ဘောင်ချာပေးခဲ့ပေမယ့် လက်ရှိမှာ ဘောင်ချာမပေးဘဲ မိသားစုဝင်တွေက ဈေးဘားငွေ အပ်နှံ့တာ ရှိမရှိနဲ့ နိုင်ငံရေးအကျဉ်းသူ အကျဉ်းသားတွေထံ ရောက်မရောက် မသိရှိရဘူးလို့ ဆိုပါတယ်။
မိသားစုတွေ ပေးပို့လာတဲ့ ပါဆယ်ပစ္စည်းတွေကိုလည်း အရည်အသွေးညံ့တဲ့ ပစ္စည်းတွေ လဲလှယ်တာ၊ ထုတ်ယူတာအပြင် ပစ္စည်းတွေ ကန့်သတ်တာနဲ့ ပါဆယ်ပို့ခွင့် ရရှိဖို့ မိသားစုတွေထံကနေ လက်ဖက်ရည်ဖိုးလို့ဆိုကာ ငွေကြေးတွေ ပေါ်ပေါ်ထင်ထင် တောင်းယူတာတွေ လုပ်ဆောင်နေပါတယ်။
အခုလို နိုင်ငံရေးအကျဉ်းသူအကျဉ်းသားတွေအပေါ် အခွင့်အရေးချိုးဖောက်နေတာတွေကို တာဝန်ရှိသူတွေက တာဝန်ယ ူဖြေရှင်းပေးဖို့နဲ့ အကျဉ်းသားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့စည်းတွေအနေနဲ့ အကျဉ်းထောင်အတွင်း တိုက်တွန်းမှုတွေ ပြုလုပ်ကြဖို့ WOPP က အသိပေးထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media

