ကျိုက်ထို၊ အောက်တိုဘာ ၁၈
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်ရှိ ကျောက်ဖျာကျေးရွာနဲ့ နတ်စင်ကျေးရွာတို့ကို စစ်ကော်မရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။
စစ်ကော်မရှင်တပ်ဟာ မနေ့ အောက်တိုဘာ ၁၇ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ အဲဒီကျေးရွာ နှစ်ရွာကို ဂျက်ဖိုက်တာလေယာဉ်နဲ့ ဗုံး ၄ လုံး လာရောက် ကြဲချသွားတာပါ။

အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးတစ်လုံးဟာ ကျောက်ဖျာကျေးရွာထဲ ကျရောက်ပေါက်ကွဲခဲ့တဲ့အတွက် အသက် ၂၀ အရွယ် ဒေသခံ အမျိုးသား တစ်ဦး ဦးခေါင်းမှာ ဗုံးစထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် တစ်လုံးလည်း ထိမှန်ပျက်စီးခဲ့ပါတယ်။
နတ်စင်ကျေးရွာ စစ်တပ်ဗုံးကြဲမှုတော့ ကျေးရွာအပြင်ဘက်မှာ ကျရောက်ပေါက်ကွဲခဲ့တာကြောင့် နေအိမ်နဲ့ လူထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဆိုပါတယ်။

စစ်ကော်မရှင်တပ် ဗုံးကြဲခဲ့တဲ့ အဲဒီကျေးရွာ နှစ်ရွာဟာ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံခရိုင် ကျိုက်ထိုမြို့နယ် အုပ်ချုပ်နယ်မြေတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၉ ရက်နေ့ကလည်း KNU ဘီးလင်းမြို့နယ် ပျဉ်းမပင်ဆိပ်ကျေးရွာကို စစ်ကော်မရှင်တပ် လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကလေးငယ် ၅ ဦး သေဆုံးပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအပါအဝင် တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ မြို့ရွာတွေကို လေကြောင်းတိုက်ခိုက်မှု ပိုမိုပြုလုပ်လာတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

