ရေဖြူ၊ အောက်တိုဘာ ၁၆
တနင်္သာရီတိုင်း ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကော်မရှင်တပ် စစ်ကြောင်းပတ်ထိုးနေတာကြောင့် ဒေသခံပြည်သူလူထု ၃၀၀၀ ကျော် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ရေဖြူစုပေါင်းစစ်ကြောင်းထံကနေ သိရပါတယ်။
တပ်အင်အား ၂၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ရဲ့ စစ်ကြောင်း နှစ်ကြောင်းဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၁၂ ရက်နေ့ကစလို့ မူဒူး၊ ရလိုင်၊ ဇာဒီအပါအဝင်ရေဖြူအနောက်ဘက်ကမ်းတကြောကို စစ်ကြောင်းပတ်ထိုးနေတာ ဖြစ်ပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေတာကြောင့် မူဒူး၊ ရလိုင်၊ ဇာဒီ၊ ခေါင်ပြန်၊ ဝက်ချောင်း၊ ခမောက်ချောင်းနဲ့ ဧကနိကျေးရွာအပါအဝင် ကျေးရွာ ၁၀ ရွာထက်မနည်းက ဒေသခံ ၃၀၀၀ ကျော်ဟာ ဘေးလွတ်ရာ နေရာတွေကို တိမ်းရှောင်နေရပါတယ်။
လက်ရှိမှာတော့ စစ်ရှောင်ပြည်သူတွေ အများစုဟာ စားနပ်ရိက္ခာနဲ့အမိုးအကာတွေအပါအဝင် လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိတယ်လို့ ရေဖြူစုပေါင်းစစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်တပ် စစ်ကြောင်းပတ်ထိုးနေပေမယ့် ဒေသတော်လှန်ရေးအဖွဲ့တွေနဲ့ထိတွေ့တိုက်ပွဲမဖြစ်သေးဘဲ စစ်ကြောင်းသွားရာလမ်းတစ်လျှောက်ကိုတော့ ဒရုန်းနဲ့ဗုံးချ တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲမတိုင်မီ ရေဖြူမြို့နယ်အတွင်းရှိ ကျေးရွာတွေကို မကြာခဏ စစ်ကြောင်းထိုးတာ၊ ဒေသခံတွေကို လူသားဒိုင်းအဖြစ် ဖမ်းဆီးတာနဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးတာတွေ ကျူးလွန်နေတာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ

