ထားဝယ်မှာ ခဲယမ်းလာပို့တဲ့ စစ်ကြောင်း တိုက်ခိုက်ခံရပြီး ၅ ဦး သေဆုံး

ထားဝယ်၊ အောက်တိုဘာ ၁၅

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ လက်နက်ခဲယမ်း လာပို့တဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်း တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့တယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၃ ရက်နေ့ မနက်ပိုင်းက တပ်အင်အား ၁၀၀ ဝန်းကျင်နဲ့ အမှတ် ၃၀၂ အမြောက်တပ်ရင်းကနေ မောင်မယ်ရှောင်ကျေးရွာထံ လက်နက်ခဲယမ်းပို့ဖို့ ထွက်လာတဲ့ စစ်ကော်မရှင်တပ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား မိနစ်အနည်းငယ်အကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် DNLA ရဲ့ ဒူရကစစ်ကြောင်းက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး မိဘပြည်သူတွေအနေနဲ့လည်း စစ်ရေးသတိရှိကြဖို့ တိုက်တွန်ထားပါတယ်။

ထားဝယ်မြို့နယ်အတွင်း စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲနီးကပ်လာတာနဲ့အမျှ တပ်အင်အား ဖြည့်တင်းတာ၊ တော်လှန်ရေးတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဒေသတွေကို စစ်ကြောင်းထိုးတာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်ထားတဲ့ ထိုင်း-မြန်မာနယ်စပ် တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးကျေးရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့တယ်လို့ KNU ဗဟိုက ထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – ဒူရကစစ်ကြောင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.