ပန်းတောင်းမြို့နယ်ရှိ စစ်ကော်မရှင်ရဲ့ ပွိုင့် ၆၆၆ စခန်းကို AA သိမ်းပိုက်

ပန်းတောင်း၊ အောက်တိုဘာ ၁၆

ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ပုံဂံဂွေ့ကျေးရွာအနီးရှိ စစ်ကော်မရှင်တပ်ရဲ့ ပွိုင့် ၆၆၆ တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က သတင်းထုတ်ပြန်ပါတယ်။

ပုဂံဂွေ့ကျေးရွာတောင်ဘက် ၉ ကီလိုမီတာအကွာမှာရှိတဲ့ စစ်ကော်မရှင်ရဲ့ ပွိုင့် ၆၆၆ စခန်းကုန်းကို ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ နေ့လယ်ပိုင်းမှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာပါ။

အာရက္ခတပ်တော် AA က အဲဒီစခန်းကို မနက်ပိုင်းမှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး သုံးနာရီအကြာ သုံးဖက်သုံးတန်ကနေ ထိုးစစ်ဆင်တိုက်ခိုက်ပြီးမှ အဲဒီစခန်းတစ်ခုလုံးကို သိမ်းပိုက်ရရှိခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ပွိုင့် ၆၆၆ စခန်းကုန်း သိမ်းပိုက်မှုအတွင်း စစ်ကော်မရှင်တပ်သားအလောင်းအချို့၊ လက်နက်ခဲယမ်းနဲ့ စစ်အသုံးအဆောင် ပစ္စည်းအချို့ကို သိမ်းဆည်းရမိခဲ့တဲ့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း အာရက္ခတပ်တော်ဘက်ကလည်း ထိခိုက်ကျဆုံးတာတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် စစ်တွေမြို့အနီးပတ်ဝန်းကျင်မှာ လက်နက်ကြီး၊ဒရုန်းတွေနဲ့ အပြန်အလှန်တိုက်ခိုက်မှု ပိုမိုပြင်းထန်နေတဲ့အပြင် နတ်ရေကန်ဗျူဟာကုန်းစကိုလည်း အပြီးသတ်သိမ်းပိုက်ရရှိရေးအတွက် အ နည်းငယ် ကျန်ရှိနေတဲ့နေရာတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့ AA က ဆိုထားပါတယ်။

စစ်ကော်မရှင်တပ်ဟာ လက်လွှတ်ဆုံးရှုံးခဲ့တဲ့ စခန်းတွေ၊ တပ်ရင်းဌာနချုပ်၊ တပ်မဌာနချုပ်တွေ အပါ အဝင် မြို့အချို့ကို လက်လွှတ်မဆုံးရှုံးရစေဖို့အတွက် ထိုးစစ်နဲ့ခံစစ်တွေကို နေရာအနှံအပြားမှာ ပြု လုပ်နေသလို အာရက္ခတပ်တော်နဲ့လည်း နှစ်ဖက်ထိတွေ့တိုက်ပွဲ နေ့တိုင်းနီးပါး ဆက်လက်ဖြစ်ပွားနေတယ်လို့ အသိပေးထုတ်ပြန်ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – AA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.