တနင်္သာရီမှာ စစ်တပ်လက်နက်ကြီးကျလို့ ကလေးငယ်တစ်ဦးအပါအဝင် ၃ ဦး ဒဏ်ရာရ

တနင်္သာရီ၊ အောက်တိုဘာ ၁၆

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ဘန်းလမွတ်ကျေးရွာထဲကို စစ်ကော်မရှင်တပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ် တစ်ဦးအပါအဝင် ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက်နေ့ ညနေ ၄ နာရီလောက်မှာ စစ်ကော်မရှင်ရဲ့ အမှတ် ၃၀၆ အမြောက် တပ်က တိုက်ပွဲမရှိဘဲ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်ရာကနေ ဘန်းလမွတ်ကျေးရွာထဲ ကျရောက် ပေါက်ကွဲခဲ့ပါတယ်။

လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုကြောင့် အသက် ၈၀ ကျော်အရွယ် အဘွားအိုတစ်ဦး ဒဏ်ရာပြင်းထန်ရရှိခဲ့ပြီး အသက် ၅ နှစ်အရွယ် ကလေးငယ်နဲ့ အသက် ၄၈ နှစ်အရွယ် အမျိုးသမီးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

လက်နက်ကြီးထိမှန်သူတွေအနက် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အဘွားအိုကိုတော့ တနင်္သာရီမြို့ နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန်နှစ်ဦးကတော့ နီးစပ်ရာဆေးခန်းမှာ ဆေးကုသနေရပါတယ်။

ဘန်းလမွတ်ကျေးရွာခံအများစုဟာ တိုက်ပွဲအခြေအနေတွေကြောင့် စစ်ဘေးရှောင်နေကြတာ ၂ လကျော်ရှိနေပြီး လူနည်းစုလောက်သာ ကျေးရွာထဲမှာ နေထိုင်နေကြတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၀ ရက်နေ့ကလည်း တနင်္သာရီမြို့နယ် တကူကျေးရွာမှာ စစ်ကော်မရှင်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူ ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.