ဘီးလင်းမှာ စစ်တပ်ပတ်ကင်း မိုင်းဆွဲခံရပြီး နှစ်ဦးသေဆုံး

ဘီးလင်း၊ အောက်တိုဘာ ၁၇

မွန်ပြည်နယ် ဘီးလင်းမြို့နယ် အလူးလေးကျေးရွာအနီးမှာ စစ်ကော်မရှင်တပ်ရဲ့ ပတ်ကင်း မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် နှစ်ဦး သေဆုံးသွားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်နေ့ မနက် ၈ နာရီလောက်မှာ ကင်းပုန်းဝပ်ပြီး ကျေးရွာလမ်းအတိုင်း ပတ်ကင်းထွက်လာတဲ့ အင်အား ၂၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက တိုက်မိုင်း လေးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာပါ။

အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်နှစ်ဦး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပြီး ခြောက်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

ထိခိုက်သေဆုံးခဲ့တဲ့ စစ်ကော်မရှင်တပ်ဖွဲ့ဝင်တွေကို လူနာတင်ယာဉ်နဲ့ ဘီးလင်းမြို့နယ် ပြည်သူ့ဆေးရုံထံ သယ်ဆောင်သွားတယ်လို့ ဆိုပါတယ်။

မိုင်းဆွဲခံရပြီးနောက် စစ်ကော်မရှင်တပ်ဟာ အလူးလေးကျေးရွာရှိ နေအိမ်တချို့ကို ဝင်ရောက်မွှေ နှောက်တာနဲ့ လမ်းသွားလမ်းလာ ပြည်သူတချို့ကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁ ရက်နေ့ကလည်း အလူးလေးကျေးရွာ အထပ်သားစက်ရုံအနီး ကင်းပုန်းဝပ်နေတဲ့ စစ်ကော်မရှင်တပ် မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သုံးဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်ဟာ ရွေးကောက်ပွဲမတိုင်မီကာလကတည်းက ကင်းပုန်းဝပ်တာနဲ့ တပ်အင်အားဖြည့်တင်းမှုတွေ ပိုမို လုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.